ရခိုင်ကကျောင်းသားလေးဦးကို စွဲဆိုထားသည့် ဘေး/စီ/မံအမှုတွင် တရားလိုကို စတင်စစ်ဆေး

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၉ ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်မှ ကျောင်းသားလေးဦးကို ယနေ့(ဧပြီလ ၂ ရက်)တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ရာ ဘေး/စီ/မံအမှုမှ တရားလိုအား စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

02 Apr 2021

DMG ၊ ဧပြီ ၂

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၉ ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်မှ ကျောင်းသားလေးဦးကို ယနေ့(ဧပြီလ ၂ ရက်)တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ရာ ဘေး/စီ/မံအမှုမှ တရားလိုအား စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းအမှုတွင် တရားလိုဖြစ်သူ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇံဝေကို ယနေ့စစ်ဆေးခဲ့သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်ကပြောသည်။

“ဒီနေ့မှာတော့ တရားလိုဦးအောင်ဇံဝေကို စစ်ဆေးခဲ့တယ်ပေါ့။ သူကအမှုနဲ့ပတ်သက်လို့ အသေးစိတ်ကို သူမသိကြောင်းပြောဆိုခဲ့တယ်။ ကျန်တဲ့အမှုမှာ တရားလိုမရောက်တဲ့အတွက် မစစ်ဆေးဖြစ်ခဲ့ဘူး” ဟု ဦးကျော်ညွှန့်မောင်က ဆိုသည်။

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အမှုနှစ်ခုဖြင့် တရားစွဲဆိုခံထားရသူများမှာ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်) မှ ကိုကောင်းထွန်းတို့ ဖြစ်ကြသည်။

၎င်းတို့မှာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၉ ရက်နေ့က စစ်တွေမြို့တွင်လှည့်လည်ကာ စစ်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ခဲ့သဖြင့် စစ်တွေမြို့မရဲစခန်းမှ ရဲမှူးဇော်နိုင်ကတရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်အညို ပျက်စေမှုပုဒ်- ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ၂၀၂၁ ခုနှစ် မတ်လအတွင်းက ပထမအကြိမ်ရုံးထုတ်စစ်ဆေးရာ၌ ဘေး/စီ/မံဥပဒေပုဒ်မ- ၂၉ ဖြင့် ကျောင်းသားလေးဦးမှာ ထပ်မံတရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်တို့သုံးဦးမှာလည်း ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ ဖြင့် တရားစွဲဆိုခံထားရသည်။

ယင်းအထဲမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်တို့နှစ်ဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုအပါအဝင် ငြိမ်းစုစီ ဥပဒေ၊ ဘေး/စီ/မံဥပဒေတို့နှင့်လည်း တရားရင်ဆိုင်နေရသည်။

“ဒီဟာတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ကတော့ တရားဥပဒေအတိုင်း ရုံးတော်မှာပဲရင်ဆိုင်သွားမယ်” ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောသည်။

နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)၊ ဘေးစီမံဥပဒေပုဒ်မ-၂၉ တို့ဖြင့် တရားစွဲဆိုခံထားသည့် ကျောင်းသားလေးဦးအမှုအား လာမည့်ဧပြီလ ၉ ရက်နေ့ကို ထပ်မံရုံးချိန်းပေးထားသည်။

ဗီဒီယိုများ