တိန်ညိုတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို AA ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာ တိန်ညို ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ယနေ့ ဇွန်လ (၁၇) ရက်နေ့ နံနက် (၇) နာရီခန့်တွင် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ ထံမှ သတင်းရရှိသည်။

17 Jun 2022

DMG ၊ ဇွန် ၁၇

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာ တိန်ညို ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ယနေ့ ဇွန်လ (၁၇) ရက်နေ့ နံနက် (၇) နာရီခန့်တွင် ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ ထံမှ သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ တိန်ညို ရဲစခန်းမှ တပ်ကြပ်ကြီးအဆင့်ရှိသူ ဂတ်စာရေး တစ်ဦးဖြစ်ပြီး တိမ်ညိုကား ဂိတ်သို့ရောက်ရှိနေစဉ် AA တပ်ဖွဲ့ ဝင်များမှ လက်ထိပ်ခတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

“ သူက အသက်ကြီးနေပြီ။ ကားဂိတ်ကိုအမြဲ လိုလို အရက်သောက်ဖို့ လာနေကျပါ။ ရုန်းရင်းဆန်ခတ်မဖြစ်ဘဲ အဲလူ ခေါင်းကို အဝတ်ခြုံ၊ လက်ထိပ်တွေ ခတ်ပြီး ဆိုင်ကယ်နဲ့ခေါ်သွားကြတာ။ သူဖမ်းခေါ်ခံရ အပြီးမှာ တော့ ရဲမှူးနဲ့ ရဲသားတစ်ချို့လာပြီးရှာဖွေတာတော့ ရှိခဲ့တယ် ” ဟု မျက်မြင် ရွာသားတဦးက DMG  ကိုပြောသည်။

လက်ရှိတွင် ထိုကားဂိတ်နှင့် ရွာအတွင်း ပြဿနာ တစ်စုံတစ်ရာမရှိဘဲ အေးချမ်းနေသော်လည်း ဒေသခံများ အနေဖြင့် စစ်တပ်ဘက်မှ လာရောက်စစ်ဆေးရှာဖွေ မည်ကို စိုးရိမ်ကြောက်လန့်စိတ်များဖြင့် နေထိုင်နေ ကြရကြောင်း လည်း သိရသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင် ဖမ်းဆီးခံရမှုဖြစ်စဉ်တွင် ရဲနှစ်ဦးကို AA က ဖမ်းဆီးဖို့ ကြိုးစားခဲ့ခြင်းဖြစ်ပြီး တဦးမှာ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးလွတ်မြောက်သွားသဖြင့် ကျန်ခဲ့သည့် တပ်စာရေးတစ်ဦးကို သာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အနီးနားတွင်နေထိုင်သူ အခြားဒေသခံ တစ်ဦးက ပြောသည်။

“ဖမ်းဆီးခံရသူကတော့ တိန်ညိုမြောက်ပိုင်း ရဲစခန်းက ဂတ်စာရေးပါ။ အစကတော့ နှစ်ယောက်ကို ဖမ်းတာ တစ်ယောက်က ထွက်ပြေးသွားတော့ ကျန်တဲ့ ဂတ်စာရေးကိုဖမ်းသွားတာ။ တိန်ညို လမ်းဆုံကားဂိတ်မှာ ဖမ်းခေါ်သွားတာလို့ပြောတယ်။ AAက လာဖမ်းဆီးသွားတာ တော့သေချာပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် ရဲစခန်း သတင်းမြစ်တဦးကတော့ “ အဲဒါတော့ ကျနော်တို့ အတည်မပြုနိုင်သေးဘူး။ ပြေးတာလား။ (AA) ဖမ်းသွားတာလား ကျနော်တို့ မသိဘူးဗျာ ” ဟု DMG ကို တုန့်ပြန်ပြောဆိုသည်။

ထို့အတူ AA က ရဲတပ်ကြပ်တဦးကို ဖမ်းဆီးသွားသည်ဆိုသည့် ကိစ္စနှင့် ပတ်သက်ပြီး AA ပြောခွင့်ရသူ ခိုင်သုခကို DMG က ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

သို့သော်လည်း  ဇွန်လ ၁၁ ရက်နေ့က  ကျောက်တော်မြို့တွင် မြန်မာ စစ်တပ်တပ်ဖွဲ့ဝင်နှစ်ဦးကို (AA ) ကဖမ်းဆီးခြင်း ဖြစ်စဉ် ရှိခဲ့သည်။ ထိုသို့ ဖမ်းဆီးရခြင်းမှာ မြန်မာစစ်တပ်သည် (ULA/AA) ၏တပ်ဖွဲ့ဝင်အချို့နေအိမ်များကို ညဉ့်အချိန်တွင်ဝင်ရောက်ဖမ်းဆီးခြင်းများ ရှိနေသည့်အတွက် စစ်ကောင်စီဘက်မှ အရာရှိအချို့နှင့် တပ်ဖွဲ့ဝင်အချို့တို့ကို ဖမ်းဆီးရကြောင်း AA ဘက်ကပြောဆိုထားသည်။

“မြန်မာစစ်တပ်ဘက်က ကျနော်တို့ ULA /AA တပ်ဖွဲ့ဝင်တွေရဲ့ အိမ်တွေကို ည ဘက်ဝင်ပြီးတော့ ဖမ်းဆီးတာတွေ လုပ်တယ်။ အဲဒီအတွက်နဲ့ သူတို့ တပ်ဖွဲ့ဝင်တွေကိုလည်း ကျနော်တို့ ဖမ်းဆီးရခြင်း ဖြစ် တယ်။ သူတို့ ဘက်က ကျနော်တို့ လူတွေကို ချက်ချင်းပြန်လွှတ်ရင် ကျနော်တို့ ဘက်ကလည်း ချက်ချင်း ပြန်လွှတ်ပေးမယ်” ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဇွန် ၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လ ၂၂ ရက်နေ့ကလည်း တိမ်ညို  ရဲစခန်း စခန်းမှူးကျော်ကျော်လှမှာ တိမ်ညိုရွာက ထမင်းဆိုင်မှာ ထမင်းစားနေစဉ် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံ သတ်ဖြတ်ခံလိုက်ရပြီး သေဆုံးမှုဖြစ်ပွားခဲ့သည်။

အလားတူ ယမန့်နေ့ ဇွန်လ ၁၆ ရက်က လည်း ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် မြန်မာစစ်သား တစ်ဦးကို ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

ဗီဒီယိုများ