မတ်လ ၁ နေ့မှ ၇ ရက်နေ့အထိ ရခိုင်ပြည်အတွင်း ဖြစ်ပျက်ခဲ့သော သတင်းများနှင့် ထူးခြားဖြစ်စဉ်များကို အကျဉ်းချုပ်ဖော်ပြခြင်း

၁-၃-၂၀၂၁ ရက်နေ့မှ ၇-၃-၂၀၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့သည့် သတင်းများနှင့် ထူးခြားဖြစ်စဉ်များအား ဖော်ပြပေးလိုက်ပါသည်။

08 Mar 2021


မတ် - ၁
-    ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်မှုကြောင့် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီ ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ ဒေသခံ ကိုလှိုင်မင်းထွန်း (ခ) သားကြီးနှင့် ကိုဇာနေထူးတို့ ဒေသခံသုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နှင့် ငြိမ်းစုစီဥပဒေပုဒ်မ(၁၉)တို့ဖြင့် အမှုဖွင့်ခဲ့သည်။
-    ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (ULA/AA)၊ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) တို့က တဖက်သတ်အပစ်ခတ်ရပ်စဲရေးအား မတ်လ ၁ ရက်မှ ၃၁ ရက်နေ့ထိ (တစ်လတာ) ထပ်တိုးကြေငြာခဲ့သည်။
-    ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံခဲ့ရသူ ဦးခင်မောင်၊ ကိုရန်ပိုင်ထွေး၊ ကိုအောင်ခိုင်မြင့်၊ မမြဝင်းတို့ ၄ ဦးအား ငြိမ်းစုစီဥပဒေပုဒ်မ ၁၉၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့ဖြင့် တရားစွဲဆိုခဲ့သည်။
မတ် - ၂
-    DMG သတင်းဌာနမှ ဒု-တာဝန်ခံအယ်ဒီတာ ဦးနေဝင်းစံနှင့် အမျိုးသမီးသတင်းထောက်နှင်းနွယ်တို့အား ၆၆ (ဃ) အပြင်၊ တပ်မတော်ကို အကြည်အညိုပျက်စေမှုဖြင့် တရားလိုဖြစ်သူ ဗိုလ်မှူးဘုန်းမြင်ကျော်မှ တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့သဖြင့် ရဲစခန်း၌ ဒုတိယအကြိမ် စစ်ဆေးခံခဲ့ရသည်။
မတ် - ၃
-    ရခိုင်ပြည်နယ်ရှိ မြို့နယ် ၆ ခု ဖြစ်ကြသည့် မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် မြောက်ဦးတို့တွင် USAID ၏ ပံ့ပိုးမှုဖြင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး  (REC)မှ ဦးဆောင်ကာ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများ ပြုလုပ်ခဲ့သည်။
-    ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသာပါတီ ဒုဥက္ကဌ ဦးဝေသောင်း၊ စည်/ကော် ဥက္ကဌ ဦးဇေယျကျော်၊ စည်/ကော် ဥက္ကဌဟောင်း ဦးစန်းငွေနှင့် ကိုစည်သူကျော်ဇံ(ခ)ကိုမိုင်ကယ်တို့  ၄ ဦးအား တောင်ကုတ်မြို့နယ် တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့သည်။
-    ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဦးစံရွှေကျော်သည် ကျန်းမာရေး ဆိုင်ရာချွတ်ယွင်းမှုများ ရှိလာသည့်အတွက် ပါတီမှ နှုတ်ထွက်ခဲ့ပြီး ယင်းနေ့တွင်ပင် နှုတ်ထွတ်စာကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ခရိုင်အလုပ်အမှုဆောင်အဖွဲ့၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများသို့ ပေးပို့ခဲ့သည်ဟု ဆိုသည်။

မတ် - ၄
-    ရခိုင်ပြည်နယ်တွင် ပထမဦးဆုံး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဂွမြို့နယ်တွင် မတ်လ ၃ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့ပြီး အဆိုပါ CRPH ၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ တရားမဝင်ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဆိုသည်။
-    နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ - ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ဗွီဒီယိုအွန်လိုင်းစနစ်ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့သည်။
-    အာဏာသိမ်းစစ်ကောင်စီတွင် ရခိုင်အမျိုးသားပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ရခိုင်အမျိုးသားပါတီ၏ ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးတက်ထွန်းအောင်သည် (ANP) ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခဲ့သည်။
-    ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပဲသဒူကျေးရွာတွင် မတ်လ ၄ ရက်နေ့ နံနက်ပိုင်းက စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ညီဖြစ်သူ မောင်ရဲထွန်း (အသက် ၈) နှစ်မှာ အဆုတ်ပေါက်သွားသည့်အပြင် ခန္ဓာကိုယ်တို့တွင် ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး ၎င်း၏အကိုဖြစ်သူ မောင်လှထွန်း (အသက် ၁၀) နှစ်မှာ ခြေ၊ လက်၊ နောက်ကျောနှင့် ခန္ဓာကိုယ်တို့တွင် ဒဏ်ရာရရှိသွားသည်။
-    ရခိုင်ပြည်နယ်၊ ဂွမြို့၊ မြို့မရပ်ကွက်တွင် အသက်(၁၁) နှစ်အရွယ် ယောကျ်ားလေးတစ်ဦးကို အဓ္ဓမပြုကျင့်ရန် ကြံရွယ်သူဟု ယူဆရသည့် အသက်(၂၁)နှစ် အရွယ် လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
မတ် - ၅
-    စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်း တို့ ကျောင်းသား ၄ ဦးကို ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ ပထမအကြိမ်ရုံး ထုတ်ခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှု ဥပဒေပုဒ်မ ၂၉ ဖြင့် ထပ်မံပြီး တရားစွဲဆိုခဲ့သည်။
-    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ မှတ်တိုင် (၄၅) ဝေလာတောင်ကျေးရွာအနီး နယ်စပ်ခြံစည်းရိုးနှင့် ဘန်ကာများဆောက်လုပ်နေသည့် အင်ဂျင်နီယာကားကို မတ်လ ၅ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် ARSA အဖွဲ့မှ တိုက်ခိုက်၍ အမှတ် (၉၄၂) အင်ဂျင်နီယာတပ်ရင်းမှ ဒုအရာခံဗိုလ် သက်ထွန်းအောင်နှင့် အလုပ်သမားများဖြစ်သည့် မြိုလူမျိုး ကိုဌေးဝင်း (၁၈) နှစ်နှင့် ကိုစံရင်း (၁၇)နှစ်တို့ သေဆုံးခဲ့ကြသည်။
-    ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၄ ရက်နေ့က ညောင်ချောင်းစစ်ဘေးရှောင်စခန်းအတွက် အစိုးရမှ ထောက်ပံ့ပေးသည့် ဆန်အိတ် (၁၅၀)ကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ယူပြီးပြန်လာစဉ် ကျောက်တော်မြို့ စခက (၉) ဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည့် ၁၅ ဦးထဲမှ ၁၂ ဦးမှာ စွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ ငြိစွမ်းမှုမရှိသဖြင့် မတ်လ ၅ ရက်နေ့က မြောက်ဦးခရိုင်တရားရုံးမှ တရားသေ လွှတ်ပေးခဲ့သည်။
-    မတ်လ ၅ ရက်နေ့၊ နေ့လယ် ၁းဝ၅ မိနစ်မှစ၍ ညနေ ၃း၄၅ အချိန်ခန့်အထိ ရခိုင်ပြည်နယ်အပါအဝင် မြန်မာတစ်နိုင်ငံလုံးနီးပါး၌  လျှပ်စစ်မီးများပြတ်တောက်ခဲ့သည်။
မတ် - ၆
-    ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ၊ ချောင်းကောက်ရပ်ကွက်တွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး လူနေအိမ်သုံးလုံးနှင့် စာသင်ကျောင်းက ရုံးခန်းတစ်ခန်းတို့ ဆုံးရှုံးခဲ့ရပြီး အမ်းမြို့နယ်၊ အမ်းမြောက်အုပ်စု၊ နေကာရွာသစ်တွင်လည်း မီးလောင်မှုကြောင့် နေအိမ် ၁၃အိမ်နှင့် ဆိုင်ကယ်နှစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြရသည်။
မတ် - ၇
-    ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ မင်းဗာကြီးလမ်း အောင်မြေသာစည်ပရိယတ္တိစာသင်တိုက်တွင် သီတင်းသုံး နေထိုင်တော်မူနေသည့် သက်တော် ၆၀ နှစ်၊ ဝါတော် ၃၉ ဝါရ ရခိုင်သမိုင်းသုတေသီ ဒွါရာဝတီအရှင်ကုသလ၊ ကဗျာဆရာ ငွေသဇင်(သံတွဲ)သည် မတ်လ ၇ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်က အဆုတ်ရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။
-    ရခိုင်ပြည်နယ်၊ ဂွမြို့တွင် လူ ၂ဝဝ ခန့်မှ ဂွမြို့မြို့မရပ်ကွက်အတွင်း လှည့်လည်ကာ စစ်အာဏာရှင် အလိုမရှိဆိုသည့် ကြွေးကြော်ချက်များဖြင့် စီတန်းလှည့်လည်ခဲ့ကြကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသည်။
-    ကြိမ်ချောင်း အထက(ခွဲ) တွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာ ဦးဦးလှဌေးမှာ မတ်လ ၆ရက်နေ့က ပျောက်ဆုံးသွားခဲ့ပြီး ၎င်းအား မတ်လ ၇ ရက်နေ့တွင် ဒဏ်ရာများဖြင့် ပြန်လည် တွေ့ရှိပြီးနောက် မင်းပြားဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။
-    ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေပွိုင့်ကမ်းခြေအနီး ပလက်ဖောင်းတွင် ပညာရေးစကားဝိုင်း ပြုလုပ်ရာတွင်ပါဝင်သည့် ကျောင်းသား ၄ ဦးကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက် ကိုခိုင်စိုးလင်းနှင့် ကိုဘုန်းဖြိုးတို့ကို ညနေ ၇ နာရီခွဲအချိန်က ၂ ဦးကို ပြန်လည်လွှတ်ပေးခဲ့ သည်သော်လည်း ကိုအောင်မင်းထွန်းနှင့် ကိုထွန်းလင်းတို့ ၂ ဦးအား ဆက်လက်ထိန်းသိမ်းထားခဲ့ သည်။

ဗီဒီယိုများ