တိုက်ပွဲပြင်းထန်နေသည့် ရသေ့တောင်တွင် တစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် သုံးထောင်ကျော်တိုးလာ

တိုက်ပွဲများပြင်းထန်လျက်ရှိသော ရသေ့တောင်မြို့နယ်တွင် ယခုရက်သတ္တပတ်အတွင်း စစ်ဘေးရှောင်ဦးရေ သုံးထောင်ကျော်အထိ တိုးလာနေပြီး အရေးပေါ်ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း လွှတ်တော် ကိုယ်စားလှယ်နှင့် ဒေသခံများထံမှ သိရသည်။

By မျိုးသီရိကျော် 14 Oct 2020

စစ်၏ အကျိုးဆက်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ရခိုင်ပြည်သူများ (ဓာတ်ပုံ - DMG)

မျိုးသီရိကျော် | DMG
အောက်တိုဘာ ၁၃ ၊ ရသေ့တောင်

တိုက်ပွဲများပြင်းထန်လျက်ရှိသော ရသေ့တောင်မြို့နယ်တွင် ယခုရက်သတ္တပတ်အတွင်း စစ်ဘေးရှောင်ဦးရေ သုံးထောင်ကျော်အထိ တိုးလာနေပြီး အရေးပေါ်ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း လွှတ်တော် ကိုယ်စားလှယ်နှင့် ဒေသခံများထံမှ သိရသည်။

ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းသို့ အောက်တိုဘာ ၁၂ ရက်နှင့် ၁၃ ရက်အတွင်း လူဦးရေ နှစ်ထောင်ကျော်မှာ ထွက်ပြေးတိမ်းရှောင်လာကြပြီး လက်ရှိမှာ  စားဝတ်နေရေးအခက်အခဲအပြင် နေရာ ထိုင်ခင်း အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။

“အရင်လူတွေလည်း ငတ်တလှည့်၊ ပြတ်တလှည့် နေနေရတာ။ အခုလူတွေက ပိုဆိုးသွားပြီ။ ဒီထက် ပိုဆိုး လာရင်တော့ ဒုက္ခတွေ အကြီးအကျယ်ရောက်လာနိုင်တယ်။ ဒီအချိန် ကိုဗစ်ကာလမှာ အစိုးရက ပိုပြီးထောက်ပံ့ဖို့ လိုတယ်။ အခုက ဘာမှထောက်ပံ့ပေးတာလည်းမရှိဘူး၊ စစ်ဘေးရှောင်တွေပဲ များလာတယ်။ အခုက နေစရာ နေရာတောင် မရှိတော့ဘူး” ဟု ၎င်းကဆိုသည်။  

ရသေ့တောင် မေယုမြစ်အနောက်ဖက်ကမ်းတစ်လျှောက်တွင်ရှိသည့်  အောက်ကျောင်းတောင်၊ စဖိုကျွန်း၊ အောင်ဇေကုန်း၊ ပြင်ဝန်းနှင့် ကံပြင် စသည့်ကျေးရွာများအပါအဝင် အခြားကျေးရွာသားများမှ ဒေသခံများ မှာလည်း ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်။

စေတီပြင်စစ်ဘေးရှောင်စခန်းတွင် မူလက စစ်ဘေးရှောင်ဦးရေလေးထောင်ခန့်ရှိသော်လည်း လက်ရှိတွင် စစ်ဘေးရှောင်များထပ်တိုးလာသဖြင့် ကျေးရွာသားများထက် စစ်ဘေးဒုက္ခသည်က ပိုများနေသည်ဟု ဒေသခံများကဆိုသည်။

ရသေ့တောင်မြို့နယ် ကြက်ရိုးဆစ် စစ်ဘေးရှောင်စခန်းတွင် စက်တင်ဘာ ၉ ရက်နေ့မှ ယနေ့အချိန်ထိ စစ်ဘေးရှောင် ၄၀၀ ကျော်တိုးလာပြီး ရေကြောင်းလမ်းခရီးသွားရသည့်အတွက် အလှူရှင်များလည်း လာရောက်နိုင်ခြင်းမရှိကြောင်း အဆိုပါစခန်းတာဝန်ခံ ဦးသန်းထွန်းဝင်းက ပြောသည်။

“လမ်းပန်းဆက်သွယ်ရေးလည်း အခက်အခဲရှိတဲ့အတွက် အလှူရှင်တွေလည်း လာရောက်တာမရှိဘူး။ စက်လှေနဲ့ တစ်ပတ်မှာတစ်ခါလောက် ရေပိုက်ဆုံ စစ်ဘေးရှောင်စခန်းက စားနပ်ရိက္ခာတွေသွားယူတယ်။ ဖြစ်သလို စားကြတယ်။ ခြင်ထောင်တွေလည်းမရှိတော့ ဖြစ်သလိုအိပ်ကြရတယ်” ဟု ၎င်းကဆိုသည်။

ရသေ့တောင်မြို့နယ် ရေပိုက်ဆုံစစ်ဘေးရှောင်စခန်းတွင်လည်း ယခုအပတ်အတွင်း စစ်ဘေးရှောင် ဦးရေ ၃၀၀ ခန့် ထပ်တိုးလာပြီး လူဦးရေများပြားလာသည့်အတွက် ကျပ်တည်းစွာနေထိုင်နေရပြီး ကျန်းမာရေးအတွက် စိုးရိမ် ရသည်ဟု စခန်းတာဝန်ခံ ကိုအောင်နိုင်ကပြောသည်။

“ကျနော်တို့က ကိုဗစ်ကိုလည်း ကြောက်လို့မရတော့ဘူး။ ဘုန်းတော်ကြီးကျောင်းသင်္ခမ်းတစ်ခုမှာ လူပေါင်း ရှစ်ရာကျော်က ဖြစ်သလိုနေရတယ်။ ကျန်းမာရေးအတွက်လည်း စိုးရိမ်စရာရှိတယ်။ နေရတာလည်း အခက်အခဲ ရှိနေတဲ့အတွက်ပေ့ါ” ဟု ၎င်းကဆိုသည်။  

၎င်းစစ်ဘေးရှောင်များမှာ ရွှေလောင်းတင်၊ မြင်းကန်ချောင်း၊ ကန်ပြင်ကျေးရွာတို့တွင် နေထိုင်ခဲ့ကြသော်လည်း ယခုလအတွင်း ရသေ့တောင်မြို့နယ် မေယုမြစ်တစ်လျှောက် ပစ်ခတ်မှုများကြောင့် ထွက်ပြေးလာခြင်း ဖြစ်သည်ဟု ကိုအောင်နိုင်က ပြောသည်။    

ရသေ့တောင်မြို့ပေါ်က စစ်ဘေးရှောင်စခန်း ၂၃ ခုတွင်လည်း ယခုအပတ်အတွင်း စစ်ဘေးရှောင်များ တိုးလာ သကဲ့သို့ အလှူရှင်များလည်းနည်းပါးနေသည့်အတွက် ယခင်ထက် စားဝတ်နေရေး အခက်အခဲဖြစ်နေကြောင်း ရသေ့တောင်စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ကိုဘက္ကာကပြောသည်။

“စစ်ဘေးရှောင်တွေ တိုးလာလေလေ အလှူရှင်တွေ နည်းပါးလေလေပါ။ ကိုဗစ်ကာလလည်း ဖြစ်တာကြောင့် အလှူရှင်တွေအနေနဲ့လည်း လမ်းခရီးအခက်အခဲတွေကြောင့် မလာနိုင်ကြဘူး။ နောက်ထပ် CSO အဖွဲ့တွေ အနေနဲ့လည်း ထောက်ပံ့ပေးစေချင်ပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ၂ နှစ်တာကာလအတွင်း စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ နှစ်သိန်းနှစ်သောင်းခြောက်ထောင်ကျော် ရှိလာသည်ဟု ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး(REC)၏ အောက်တိုဘာလ ၁ ရက်နေ့အထိ စာရင်းအရသိရသည်။

ဗီဒီယိုများ