အယူခံတင်ထားသည့် ပလက်ဝဒေသခံကို ထောင်ဒဏ်တစ်နှစ်လျှော့

နိုင်ငံတော်ဆူပူလှုံဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရသည့် ပလက်ဝမြို့မှ ကိုတင်ထွန်းအောင်ကို ယနေ့(ဇူလိုင်လ ၂၀ ရက်)က ချင်းပြည်နယ်၊ မတူပီခရိုင်တရားရုံးမှ ထောင်ဒဏ်တစ်နှစ် လျှော့ပေါ့ပေးလိုက်သည်ဟု သိရသည်။

20 Jul 2022

ပလက်ဝဒေသခံကိုတင်ထွန်းအောင်အား တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၂၀

နိုင်ငံတော်ဆူပူလှုံဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရသည့် ပလက်ဝမြို့မှ ကိုတင်ထွန်းအောင်ကို ယနေ့(ဇူလိုင်လ ၂၀ ရက်)က ချင်းပြည်နယ်၊ မတူပီခရိုင်တရားရုံးမှ ထောင်ဒဏ်တစ်နှစ် လျှော့ပေါ့ပေးလိုက်သည်ဟု သိရသည်။

ပလက်ဝရှိ စစ်တပ်စခန်းတစ်ခုတွင် အလံဖြူထောင်ထားသည်ဟု မီဒီယာတစ်ခုကိုပြောဆိုသည်ဟုဆိုကာ ၎င်းကို ထောင်ဒဏ်သုံးနှစ်ချမှတ်ထားသဖြင့် ယင်းအပေါ် ပြစ်ဒဏ်ချမှတ်ပေးရန် အယူခံတင်သွင်းထားရာတွင် ထိုသို့လျှော့ပေါ့ပေးလိုက်ခြင်းဖြစ်သည်ဟု အမှုကိုလိုက်ပါဆောက်ရွက်သည့်ရှေ့နေ ဦးဝင်းအောင်ကပြောသည်။

“သူက အစကတည်းကနေမြို့နယ်တရားရုံးက ထောင်သုံးနှစ် ချမှတ်ပြီးသား။ အဲဒါကို ကျနော်တို့က အယူခံတက်ပြီး အခုတစ်နှစ်လျော့ပေါ့သွားတာပါ”ဟု ရှေ့နေ ဦးဝင်းအောင်ကပြောသည်။

ယခုကဲ့သို့ တစ်နှစ်လျော့ပေါ့ခံရသည့်အပေါ် မိသားစုဝင်အနေဖြင့်ဝမ်းသာမိကြောင်း ကိုတင်ထွန်းအောင်၏ အစ်ကို ကိုမင်းအောင်ကပြောသည်။

“သုံးနှစ်မှာ တစ်နှစ်လျော့ပေါ့သွားတယ်ဆိုတော့ ၂ နှစ်ပဲကျပါတော့မယ်။ ကျနော်ညီက အဲ့လောက်လည်း အပြစ်မရှိတော့ တစ်နှစ်လျော့သွားတာကို ကျနော်တို့မိသားစုအနေနဲ့ ဝမ်းသာရပါတယ်”ဟု သူကပြောသည်။

ကိုတင်ထွန်းအောင်မှာ ပလက်ဝအခြေစိုက် ခမရ(၂၈၉)တပ်ရင်းတွင် အလံဖြူထောင်သည်ဟု Western News သတင်းဌာနသို့ အင်တာဗျူးဖြေဆိုခဲ့မှုကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ၎င်းကို ၅၀၅(က)ဖြင့် စစ်တပ်မှ ဗိုလ်ကြီး ထွန်းထွန်းနိုင်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါပုဒ်မဖြင့် ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်‌နေ့တွင် ပလက်ဝမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပြီး လက်ရှိတွင် စစ်တွေအကျဉ်းထောင်၌ အကျဉ်းကျခံနေရသည်။

ဗီဒီယိုများ