စစ်တွေမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို သစ်တောဥပဒေဖြင့် အမှုဖွင့်၊ အာမခံဖြင့်ပြန်လွှတ်ပေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ဖမ်းဆီးခံရထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို သစ်တောဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး ယမန်နေ့(မေလ ၂၀ ရက်)က အာမခံဖြင့်ပြန်လွှတ်ပေးလိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

21 May 2022

DMG ၊ မေ ၂၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ဖမ်းဆီးခံရထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို သစ်တောဥပဒေဖြင့် အမှုဖွင့်လှစ်ပြီး ယမန်နေ့(မေလ ၂၀ ရက်)က အာမခံဖြင့်ပြန်လွှတ်ပေးလိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

စစ်တွေမြို့နယ်မှ ဘောဒူပ(မွတ်ဆလင်)ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဘီနှင့် ကြက်ကိုင်းတန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်တို့ကို သစ်တောဥပဒေပုဒ်မ- ၄၁(က)ဖြင့် အမှုဖွင့်ထားသည်ဟု မိသားစုဝင်များက ပြောသည်။

ဦးထွန်းလှစိန်၏ မိသားစုဝင်တစ်ဦးက “သစ်တောဥပဒေနဲ့ အမှုဖွင့်တာပါ။ လွတ်လာတာကတော့ အာမခံနဲ့ ပြန်လွတ်လာတာ။ ရုံးတော့ပြန်တက်ရအုံးမယ်။ ဘောဒူပ အုပ်ချုပ်ရေးမှူးလည်းပါပါတယ်”ဟု ပြောသည်။

ကြက်ကိုင်တန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်ကိုဖမ်းဆီးစဉ် နေအိမ်ရှိသစ်စက်မှ ပုံထားသောသစ်များကို ရဲတပ်ဖွဲ့များနှင့်စစ်တပ်က သိမ်းယူခဲ့ကြောင်း မိသားစုထံမှသိရသည်။

ဖမ်းဆီးခံရသည့် ဘောဒူပကျေးရွာအုပ်ချုပ်ရေးမှူး ဦးရောဘီမှာလည်း ယမန်နေ့က ပြန်လွတ်လာပြီဖြစ်ကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

“မနေ့ကပြန်လွတ်လာပါတယ်။ သူတို့ပြောတာကတော့ သစ်တောဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ပြောတယ်။ ရုံးတော့တက်ရအုံးမယ်”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့်မေလ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် စစ်တွေမြို့နယ်မှ မွတ်ဆလင်(၇)ဦးနှင့် ရခိုင်တစ်ဦးတို့ကို စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးခဲ့ပြီး ယင်းအထဲမှ မွတ်ဆလင် ၆ ဦးမှာ မေလ ၅ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။

သို့သော် ဘောဒူပ(မွတ်ဆလင်)ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကြက်ကိုင်းတန်းကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို နှစ်ပတ်ကြာဆက်လက်ဖမ်းချုပ်ခဲ့ကာ မေလ ၂၀ ရက်နေ့တွင် အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ