ရသေ့တောင်မြို့နယ်မှ သံသယဖြင့်ဖမ်းဆီးခံထားရသည့် ကျေးရွာသားနှစ်ဦးကို စွဲချက်မတင်မီပြန်လွှတ်

“မရီရီစိုးသေဆုံးတဲ့ ကိစ္စနဲ့ပတ်သက်လို့ သူတို့ဖောက်တဲ့ ဗုံးစထိပြီးသေတယ်ဆိုပြီးတော့ ပေါက်ကွဲဥပေပုဒ်မ ၃ နဲ့ အရေးယူထားတာ။ အဲဒီအတွက် တရားလိုပြသက်သေတွေကို စစ်ဆေးတဲ့အခါ သူတို့ကျူးလွန်တယ်ဆိုတာ မပေါ်ပေါက်တဲ့အတွက် စွဲချက်မတင်ဘဲ လွှတ်လိုက်ပြီးတော့ အမှုကို မှားယွင်းမှုလို့ သတ်မှတ်လိုက်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်ကပြောသည်။

11 Sep 2019

ပြန်လည်လွတ်မြောက်လာသည့် မင်းဖူးကျေးရွာသား နှစ်ဦး / ဓာတ်ပုံ - မေယုထွန်း / Facebook

ခိုင်ရိုးလ | DMG

စက်တင်ဘာ ၁၁၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာမှ ဦးခေါင်းကျည်ထိမှန်ပြီး မရီရီစိုးသေဆုံးခဲ့မှုအား ရွာအနီး မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသည်ဟုဆိုကာ ကျေးရွာသားနှစ်ဦးအား သံသယဖြင့်ဖမ်းဆီးပြီး ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေ ပုဒ်မ ၃ ဖြင့် တရားစွဲဆိုခဲ့သည်။

ထိုသို့ ဖမ်းဆီးခံရသည့် မင်းဖူးကျေးရွာမှ ဦးသန်းဖေ ၄၀ နှစ်နှင့် ဦးဝေစိုးထွန်း ၃၅ နှစ်တို့ကို ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် စွဲချက်မတင်ဘဲ မှားယွင်းသည့်အမှုအဖြစ် သတ်မှတ်ကာ စစ်တွေခရိုင်တရားရုံးမှ ပြန်လွှတ်ပေးလိုက်ကြောင်း စွပ်စွဲခံရသူနှစ်ဦး၏ရှေ့နေထံမှ သိရသည်။

“မရီရီစိုးသေဆုံးတဲ့ ကိစ္စနဲ့ပတ်သက်လို့ သူတို့ဖောက်တဲ့ ဗုံးစထိပြီးသေတယ်ဆိုပြီးတော့ ပေါက်ကွဲဥပေပုဒ်မ ၃ နဲ့ အရေးယူထားတာ။ အဲဒီအတွက် တရားလိုပြသက်သေတွေကို စစ်ဆေးတဲ့အခါ သူတို့ကျူးလွန်တယ်ဆိုတာ မပေါ်ပေါက်တဲ့အတွက် စွဲချက်မတင်ဘဲ လွှတ်လိုက်ပြီးတော့ အမှုကို မှားယွင်းမှုလို့ သတ်မှတ်လိုက်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်ကပြောသည်။

၎င်းတို့နှစ်ဦးအား ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ကဖမ်းဆီးခဲ့ပြီး ညောင်ချောင်းနယ်ခြားစောင့်ရဲစခန်းမှ ရဲအုပ် အောင်ကျော်စိုးမိုးက တရားလိုပြုလုပ်ကာ အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ဖမ်းဆီးချုပ်နှောင်ခံရပြီး ၈ လခန့်ကြာမှ စွဲချက်မတင်ဘဲ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

မရီရီစိုးသေဆုံးခဲ့ရသည်မှာ ကျေးရွာအတွင်းရောက်ရှိနေသည့် တပ်မတော်စစ်ကြောင်းတစ်ခုမှ ပစ်ခတ်ခဲ့သည့် ကျည်ထိမှန်မှုကြောင့်ဟု ဖခင်ဖြစ်သူ ဦးမောင်ထွန်းလှက ပြောဆိုထားသည်။

“ကျနော့်သမီးလေးကို တပ်မတော်က ပစ်တာပါ။ ဘယ်လိုပစ်တာလဲဆိုရင် ကျွန်တော်တို့နေအိမ်ကို လေးဘက်လုံးက ဝိုင်းထားကြတယ်။ အဲဒီအချိန်မှာ ဟိုကဗုံးပေါက်ကွဲသံကြားတော့ သူတို့က ဝိုင်းပစ်ကြတယ်” ဟု ဦးမောင်ထွန်းလှက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုမှ အိမ်ထောင်စုနှင့် လူဦးရေစာရင်း စစ်ဆေးရန် မင်းဖူးကျေးရွာအတွင်းရောက်ရှိနေချိန် ကျေးရွာအပြင်ဘက်မှ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ကျေးရွာအတွင်းရှိတပ်မတော်သားများမှာ ရွာအတွင်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

သို့သော် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မရီရီစိုးသေဆုံးမှုသည် တိုက်ပွဲကြားတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ရွာအဝင်တံတားတွင် AA မှ မိုင်းဆွဲတိုက်ခိုက်ပြီး ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်သဖြင့် တပ်မတော်နှင့် အပြန်အလှန်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

“အဓိကတော့ အဲဒီမှာ တိုက်ပွဲဖြစ်တယ်။ AA အဖွဲ့က အရပ်ဝတ်တွေရွာထဲကိုဝင်ပြေးပြီး ရွာထဲကနေ ပြန်ပစ်တယ်။ (ရီရီစိုး)သေဆုံးသွားတာက တိုက်ပွဲကြားမှာ သေဆုံးသွားတာပေါ့။ ရွာထဲနေ AA အဖွဲ့က ပစ်တယ်။ AA အဖွဲ့ပစ်တဲ့အတွက် ထိမှန်ခဲ့တယ်လို့ ကျွန်တော်တို့ကယူဆတယ် ” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုထားသည်။

ကျေးရွာအတွင်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းမရှိကြောင်း ကျေးရွာသားများမှ ပြောဆိုကြသလို ရက္ခိုင့်တပ်တော်(AA)မှလည်း တိုက်ပွဲဖြစ်ပွားမှုမရှိကြောင်း ပြောဆိုထားသည်။

“မရီရီစိုးသေဆုံးမှုဟာ ဗမာစစ်တပ်က စစ်ရာဇဝတ်မှုကျူးလွန်ထားတာကို ဖုံးကွယ်ထားချင်လို့ မျက်စိမှိတ်ပြီး ငြင်းတဲ့သဘောပါ ” ဟု AA ပြောခွင့်ရ ခိုင်သုခကပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် အေအေတို့ဖြစ်ပွားနေသည့် တိုက်ပွဲကာလအတွင်း အရပ်သား များ သံသယဖြင့်ဖမ်းဆီးစစ်ဆေးခံရမှုများရှိပြီး ထိုအထဲတွင် တရားရင်ဆိုင်နေရသူများလည်းရှိကာ အမှုနှင့် ပတ်သက်မှုမရှိဘဲ လွတ်မြောက်လာသူများလည်းရှိသည်။

ဗီဒီယိုများ