ရမ်းဗြဲ ကျောက်နီမော်ရဲစခန်းမှ ရဲတပ်သားနှစ်ဦး ဖမ်းဆီးခံရ

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရဲစခန်းမှ ရဲတပ်သားနှစ်ဦးတို့ကို ယနေ့(ဇွန်လ ၂၂ ရက်) မွန်းလွဲ ၁၂ နာရီခန့်က လူ(၇)ယောက်ပါဝင်သောအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျောက်နီမော် နယ်မြေခံရဲတပ်ဖွဲ့ထံမှ သိရသည်။

22 Jun 2022

DMG ၊ ဇွန် ၂၂

ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရဲစခန်းမှ ရဲတပ်သားနှစ်ဦးတို့ကို ယနေ့(ဇွန်လ ၂၂ ရက်) မွန်းလွဲ ၁၂ နာရီခန့်က လူ(၇)ယောက်ပါဝင်သောအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျောက်နီမော် နယ်မြေခံရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ ဒုတပ်ကြပ် ထွန်းလင်းအောင်နှင့် တပ်သား ပြည့်စုံအောင်တို့ဖြစ်ပြီး အမှုကိစ္စနှင့် ရမ်းဗြဲမြို့မှပြန်လာစဉ် သင်္ဂနက်ကျေးရွာ ကူးတို့ဆိပ်ကမ်းတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု ကျောက်နီမော်တိုက်နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

“သူတို့က ရမ်းဗြဲမြို့ကိုအမှုကိစ္စနဲ့သွားပြီး ကျောက်နီမော်ကို ပြန်လာတာ။ စခန်းကိုလာဖို့အတွက်က သင်္ဂနက်ကျေးရွာဆိပ်ကမ်းကနေ ဟုံးဝကျေးရွာဆိပ်ကမ်းကို ကူတို့စီးရတယ်။ အဲဒီမှာ ကူတို့စီးမယ်လုပ်တော့ ကူတို့သည်က ထမင်းစားနေတယ်။ သူတို့စောင့်နေတဲ့အချိန် လာဖမ်းသွားတာလို့သိရတယ်"ဟု သူကပြောသည်။

ထိုသို့ လူ(၇)ဦးက ဖမ်းဆီးသွားခြင်းဖြစ်သော်လည်း မည်သည့်အဖွဲ့အစည်းက ဖမ်းဆီးသွားသည်ကို မသိရှိရကြောင်း ၎င်းကဆက်လက်ဆိုသည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ နေပြည်တော်နှင့် နတ်မောက်မြို့တို့မှဖြစ်ကြပြီး ကျောက်နီမော်ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည်မှာ လပိုင်းသာရှိသေးကြောင်း သိရသည်။

ယခုကဲ့သို့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးဖမ်းဆီးခံရမှုကြောင့် မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်တို့မှာကဲ့သို့ မြန်မာစစ်တပ်က ဒေသခံများကို ဖမ်းဆီးလာမည်ကိုစိုးရိမ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

“ဖမ်းဆီးသွားတာ ဟုတ်တယ်လို့ကြားရတယ်။ ဆိုတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာလို အပြန်အလှန်ဖမ်းဆီးတာတွေ ရှိလာမှာကို ဒေသခံတွေကစိုးရိမ်နေရတယ်"ဟု သူကပြောဆိုသည်။

ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တို့တွင်လည်း ပြီးခဲ့သည့်ရက်ပိုင်းများက မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားခဲ့သည်။ မြန်မာစစ်တပ်ကလည်း ယင်းကိစ္စကို တုန့်ပြန်သည့်အနေဖြင့် ဒေသခံအများအပြားကို ဖမ်းဆီးစစ်ဆေးလျက်ရှိနေသည်။

ဗီဒီယိုများ