ရခိုင်တွင် ကိုယ်ထူကိုယ်ထတည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံများထဲမှ မြို့နယ် ၂ ခုတွင် အောက်ဆီဂျင် မကြာမီထုတ်လုပ်နိုင်တော့မည်

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အသီးသီးတွင် အလှူရှင်များ၏ထည့်ဝင်ငွေများဖြင့် အောက်ဆီဂျင်စက်ရုံများကို ကိုယ်ထူကိုယ်ထ တည်ဆောက်လျက်ရှိကြရာ မကြာမီတွင် မြို့နယ် ၂  ခုမှ အောက်ဆီဂျင်စက်ရုံများ စတင်လည်ပတ်ကာ အောက်ဆီဂျင် ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

14 Sep 2021

DMG ၊ စက်တင်ဘာ ၁၄

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အသီးသီးတွင် အလှူရှင်များ၏ထည့်ဝင်ငွေများဖြင့် အောက်ဆီဂျင်စက်ရုံများကို ကိုယ်ထူကိုယ်ထ တည်ဆောက်လျက်ရှိကြရာ မကြာမီတွင် မြို့နယ် ၂  ခုမှ အောက်ဆီဂျင်စက်ရုံများ စတင်လည်ပတ်ကာ အောက်ဆီဂျင် ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့နယ်တွင် ကိုယ်ထူကိုယ်ထတည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံသို့ စက်တင်ဘာ ၁၁ ရက်နေ့က အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရောက်ရှိလာပြီး စက်တပ်ဆင်ကာ စမ်းသပ်မောင်းနှင်ခဲ့ကြောင်း သိရသည်။

“မနေ့ကတော့ စက်ကိုစမ်းသမ်းမောင်းနှင်ကြည့်တယ်။ အဲဒီလိုစမ်းသပ်တဲ့အတွက် အောက်ဆီဂျင်နှစ်လုံးထုတ်လုပ်နိုင်ခဲ့တယ်။ မနေ့ကစက်နည်းနည်း ချို့ယွင်းမှုတွေရှိနေတဲ့အတွက် ဒီနေ့ပြန်ပြီးတော့ ပြုလုပ်နေတယ်။ ဒီနေ့စက်က အားလုံးအဆင်ပြေရင်တော့ မနက်ဖြန်စတင်ထုတ်လုပ်သွားဖို့ရှိပါတယ်”ဟု ကျိန်းရိပ်ကရုဏာလူမှုကူညီရေးအသင်းက အတွင်းရေးမှူး ဦးသိန်းထွန်းက DMG ကိုပြောသည်။

အဆိုပါ မင်းပြားမြို့မှ အောက်ဆီဂျင်စက်ရုံမှ တစ်နေ့ကို ၄၀ လီတာဆံ့အောက်ဆီဂျင်အလုံး ၆၀ ကျော်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ပြည်အတွင်းက မြို့နယ်များတွင် အောက်ဆီလိုအပ်မှုများရှိလာလျှင် မင်းပြားအောက်ဆီဂျင်ထုတ်စက်ရုံမှ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“အောက်ဆီဂျင်စက်ရုံ မဆောက်လုပ်မီအချိန်က ကျနော်တို့ မန္တလေးကဝယ်ယူပြီးတော့ မင်းပြားဆေးရုံမှာ လှူဒါန်းခဲ့တာရှိတယ်။ အခုအောက်ဆီဂျင် စတင်ထုတ်သွားမယ်ဆိုတော့ မင်းပြားဆေးရုံပြီးရင် အခြားမြို့နယ်တွေက လိုအပ်လို့အကူအညီတွေတောင်းလာလို့ရှိရင်လည်း ဖြန့်ဝေလှူဒါန်းသွားမဲ့အစီအစဉ်တွေရှိပါတယ်” ဦးသိန်းထွန်းက ပြောသည်။

အလားတူ ရသေ့တောင်မြို့တွင်လည်း အောက်ဆီဂျင်စက်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့ကရောက်ရှိလာပြီး စက်တင်ဘာလ ၁၂ ရက်နေ့တွင် စက်ကိုစတင်စမ်းသပ်မောင်းနှင်းခဲ့ကြောင်း သိရသည်။

photo - မင်းပြားအောက်ဆီဂျင်စက်ဖြစ်မြောက်ရေးအဖွဲ့

အဆိုပါအောက်ဆီဂျင်စက်ရုံတွင် အောက်ဆီဂျင်စတင်ထုတ်နိုင်ပြီးဖြစ်သော်လည်း စက်ရုံတည်ဆောက်မှုအပိုင်းတွင် ပြီးစီးမှုမရှိသေးကြောင်း သိရသည်။

“အောက်ဆီဂျင်စက်ကိုချဖို့အတွက် ခေါင်းမိုးကိုအပေါ်ကဖွင့်ပြီး ကရိန်းနဲ့ချရတယ်။ ဆိုတော့ အဆောက်အအုံတွေကတော့မပြီးစီးသေးဘူး။ အမြန်ဆောက်နေတာရှိတယ်။ စက်ကတော့ အင်မတန်အဆင်ပြေနေပြီ။ အောက်ဆီဂျင်တွေကတော့ ထွက်ပြီပေါ့။ ရသေ့တောင်ဆေးရုံအတွက်တော့ အဆင်ပြေနေပြီ။ အခြားဆေးရုံတွေကလာထုတ်မယ်ဆိုရင် ဆေးရုံအုပ်ကြီးရဲ့ request letter ပါလို့ရှိရင် ကိုယ်အခွံကိုယ်လာထုတ်လို့ရပါပြီ”ဟု ရသေ့တောင်မြို့နယ်ဆေးရုံအုပ် ဒေါက်တာတင်မြင့်ဦးက DMG ကိုပြောသည်။

ရသေ့တောင်မြို့နယ်က အောက်စီဂျင်စက်လည်ပတ်မည်ဆိုလျှင် တစ်နေ့ ၄၀ လီတာအိုးဆံ့သည့် အောက်ဆီဂျင်အလုံး ၇၅ လုံး ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် အောက်ဆီဂျင်လိုအပ်မှုများကြောင့် ကိုဗစ်လူနာများအသက်ဆုံးရှုံးမှုမရှိစေရန်အတွက် အလှူငွေများကောက်ခံကာ မြို့နယ်အသီးသီးတွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် ကြိုးပမ်းလာကြခြင်းဖြစ်သည်။

မြို့နယ်များတွင်တည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံများထဲမှ မြောက်ဦးမြို့တွင် အောက်ဆီဂျင်ပထမဆုံးထုတ်လုပ်ခဲ့ပြီး အခြားမြို့နယ်များတွင်လည်း အောက်ဆီဂျင်စက်ရုံ ဆက်လက်တည်ဆောက်လျက်ရှိနေကြသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာ ၄၅၉၅ ဦးရှိပြီး ယင်းအထဲမှ သေဆုံးသူ ၄၂၈ ဦးရှိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ စာရင်းအရသိရသည်။

ဗီဒီယိုများ