စစ်တွေမြို့နယ်မှ ဖမ်းဆီးခံထားရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို နှစ်ပတ်ကျော်ကြာသည့်တိုင် မိသားစုမှ တွေ့ခွင့်မရသေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ဖမ်းဆီးခံထားရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို နှစ်ပတ်ကျော်ကြာသည့်တိုင် တွေ့ခွင့်မရရှိသေးဘဲ သတင်းတစုံတရာလည်းမသိရသေးကြောင်း မိသားစုဝင်များကပြောသည်။

20 May 2022

စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းရှေ့တွင် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။

DMG ၊ မေ ၂၀

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ဖမ်းဆီးခံထားရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို နှစ်ပတ်ကျော်ကြာသည့်တိုင် တွေ့ခွင့်မရရှိသေးဘဲ သတင်းတစုံတရာလည်းမသိရသေးကြောင်း မိသားစုဝင်များကပြောသည်။

ဘော်ဒူပ(မွတ်ဆလင်)ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဘီနှင့် ကြက်ကိုင်းတန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်တို့ကို မေလ ၄ ရက်နေ့တွင် စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့၏နေအိမ်မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ဦးထွန်းလှစိန်၏ မိသားစုဝင်တစ်ဦးက “လောလောဆယ် အမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ ဘာမှမသိရသေးဘူး။ ဘယ်နေ့ရုံးချိန်မယ်ဆိုတာလည်း မပြောသေးဘူး။ အဖမ်းခံရမှုနဲ့ပတ်သက်ပြီးတော့ မိသားစုက ဘာမှမသိရသေးဘူး။ ဒီနေ့အထိ အကြောင်းပြန်တာလည်း ဘာမှမရှိသေးဘူး”ဟု ပြောသည်။

အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးထားသည်ကို လက်ရှိအချိန်ထိ မသိရသေးဘဲ မိသားစုနှင့်လည်း တွေ့ခွင့်မရသေးကြောင်းဆိုသည်။

ဦးရော်ဘီ၏ မိသားစုဝင်တစ်ဦးက “အခုထိအဆက်အသွယ်မရသေးပါဘူး။ သူတို့(ရဲက)လည်း ဘာမှမပြောဘူူး။ အမှတ်(၁)ရဲစခန်းမှာ ထိန်းသိမ်းထားတာပါ။ တွေ့ခွင့်လည်းမရဘူး။ ဘာဖြစ်လို ဖမ်းလည်းဆိုတာလည်း မသိရဘူး”ဟု ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို ဖမ်းဆီးထားခြင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဆန်းကျော်ထွန်းကို DMG ကဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

၎င်းကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ကာ မြန်မာစစ်တပ်ကဖမ်းဆီးသည်ဟု မိသားစုဝင်တို့က သံသယရှိကြသော်လည်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ငြင်းဆိုထားပြီး အခြားအမှုများအတွက် စစ်ဆေးရန်ဖမ်းဆီးခြင်းသာဖြစ်သည်ဟု မီဒီယာများတွင်ပြောကြားထားသည်။

ပြီးခဲ့သည့် မေ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် စစ်တွေမြို့နယ်မှ မွတ်ဆလင်(၇)ဦးနှင့် ရခိုင်တစ်ဦးတို့ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးစစ်ဆေးခဲ့ပြီး ယင်းအထဲမှ မွတ်ဆလင် ၆ ဦးမှာ မေလ ၅ ရက်နေ့တွင် ပြန်လွတ်လာခဲ့သော်လည်း ဘောဒူပ(မွတ်ဆလင်)ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကြက်ကိုင်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှာ ဆက်လက်ချုပ်နှောင်ခံထားရသည်။

ပြီးခဲ့သည် ဧပြီလ(၉)ရက်နေ့ကလည်း စစ်တွေမြို့နယ်၊ အောင်ဒိုင်ကျေးရွာအုပ်စု၊ င/ပွန်းကျေးရွာမှ မွတ်ဆလင် ရာအိမ်မှူးနှစ်ဦးတို့ကို မြန်မာစစ်တပ်ကဖမ်းဆီးစစ်ဆေးခဲ့ပြီး နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

ဗီဒီယိုများ