PDF ကို ငွေထောက်ပံ့သည်ဟုဆိုကာ သံတွဲကအမျိုးသမီးသုံးဦး ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခံရ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် သံတွဲမြို့မှ အမျိုးသမီးသုံးဦးကို ယနေ့(မတ်လ ၃၁ ရက်)တွင် သံတွဲခရိုင်တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်။

31 Mar 2022

DMG ၊ မတ် ၃၁

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် သံတွဲမြို့မှ အမျိုးသမီးသုံးဦးကို ယနေ့(မတ်လ ၃၁ ရက်)တွင် သံတွဲခရိုင်တရားရုံးမှ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်။

ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရသူများမှာ ဒေါ်ငြိမ်းအိဖြိုးကျော်၊ ဒေါ်တင်စန္ဒဝင်း၊ ဒေါ်စန်းချိုသိုက်တို့ ဖြစ်ကြသည်။ ၎င်းတို့မှာ ပြီးခဲ့သည့်နိုဝင်ဘာလ ပထမအပတ်က ဖမ်းဆီးခံခဲ့ရကာ သံတွဲမြို့မရဲစခန်းမှ ဒုရဲမှူးဝင်းနိုင်စိုးက တရားလိုပြုလုပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့်တရားစွဲဆိုပြီး ခရိုင်တရားရုံးမှ ယခုကဲ့သို့ နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

“ဒီနေ့ရုံးချိန်းမှာတော့ သူတို့ကို ထောင်ဒဏ်ချလိုက်ပါပြီ။ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တာပါ။ အယူခံဝင်မယ့် အပိုင်းကတော့ ကာယကံရှင်တွေနဲ့တော့ မတွေ့ရသေးဘူး။ သူတို့က အမိန့်ချလိုက်တာနဲ့ ထွက်သွားကြတာ။ ကာယကံရှင်တွေ၊ မိသားစုဝင်တွေနဲ့ မဆွေးနွေးရသေးဘူး။ ဆွေးနွေးလို့ပြီးမှ အယူခံတက်သင့်၊မတက်သင့် ကျွန်တော်တို့ဆုံးဖြတ်မှာပါ”ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေကဆိုသည်။

ယခုထောင်ဒဏ်ချမှတ်ခံရသူများအနက် ဒေါ်ငြိမ်းအိဖြိုးကျော်၏ အသက် ၂ နှစ်အရွယ်သမီးဖြစ်သူမှာ မိခင်ဖြစ်သူနှင့်အတူ သံတွဲအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရစဉ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က နေမကောင်းဖြစ်ကာ သေဆုံးသွားခဲ့သည်။

အာဏာသိမ်းမှုကို တွန်းလှန်ရန်ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)သည် နိုင်ငံအနှံ့တွင်ရှိနေသော်လည်း ရခိုင်ပြည်နယ်တွင်မရှိပေ။ သို့သော်လည်း PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ သံတွဲ၊ တောင်ကုတ်၊ မြောက်ဦးမြို့နယ်တို့မှ ဒေသခံ ၁၀ ဦးထက်မနည်းမှာ ဖမ်းဆီးတရားစွဲဆိုခံထားရသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာ မင်းဒီပါ(ခေါ်)ကိုအောင်မြင့်နိုင်မှာလည်း PDF အဖွဲ့ကို ငွေကြေးထောက်ပံ့မှု၊ လှုံ့ဆော်မှုတို့ ပြုလုပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံလိုက်ရပြီး စစ်တွေအကျဉ်းထောင်တွင် အကျဉ်းကျလျက်ရှိသည်။

ဗီဒီယိုများ