ရခိုင်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ မဖြစ်နိုင်ဟုဆို

၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲသည် ရခိုင်ပြည်နယ်တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ကြသည်။

By မင်းထွန်း 24 Jul 2020

မင်းထွန်း | DMG
ဇူလိုင် ၂၄ ၊ စစ်တွေ

၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲသည် ရခိုင်ပြည်နယ်တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ကြသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေခြင်း၊ မြို့နယ်တချို့တွင် အင်တာနက်ဖြတ်တောက်ခံရမှုများ ရှိနေသည့်အတွက် အခြားတိုင်းနှင့်ပြည်နယ်များကဲ့သို့ တန်းတူညီမျှမှု မရှိခြင်းတို့ကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကဆိုသည်။

“လွတ်လပ်ပြီးတရားမျှဖို့ ရှိနိုင်မယ်ဆိုတာက အခုကတည်းကစပြီး မလုပ်ဆောင်နိုင်တဲ့အတွက် သူများတိုင်းနဲ့ ပြည်နယ်တွေလို တန်းတူအခွင့်အရေး မရှိဘူးဆိုတာကို လက်ရှိအနေအထားအရ ပြောလို့ရတယ်။ နောက်တစ်ခုက ကိုဗစ်ကာလမှာ တစ်ကမ္ဘာလုံးမှာအရေးပါတဲ့ အင်တာနက်ကိုတောင် ရခိုင်က မြို့နယ်တချို့မှာ ပိတ်ထားတာလည်း တန်းတူညီမျှမှု မရှိဘူး”ဟု ၎င်းက ဆက်၍ပြောသည်။

“၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်လာနိုင်မလား” ဆိုသည့် ခေါင်းစဉ်ဖြင့် ဇူလိုင် ၂၃ ရက်နေ့က အွန်လိုင်းဆွေးနွေးပွဲတွင် ဒေါ်ထုမေက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတို့တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေကြသည်သာမက တောင်ပိုင်းရှိ မြို့နယ်အချို့မှ ကျေးရွာများသို့ တပ်မတော်ကဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးခြင်းနှင့် မိုင်းပေါက်ကွဲမှုဖြစ်စဉ်များလည်း ရှိလာသည်။

“အခုပုံစံက တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာလိမ့်မယ်လို့ မထင်ဘူး”ဟု ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က သုံးသပ်သည်။

သို့ဖြစ်၍ ရွေးကောက်ပွဲကာလအတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများလျော့ချရန် (သို့မဟုတ်) ရပ်တန့်ထားရန်အတွက် အစိုးရအနေဖြင့် ကြားဝင်ဖြေရှင်းရန်လိုအပ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။

“ဒီလိုမျိုး အစိုးရအနေနဲ့ ကြားဝင်ပြောမှသာလျှင် ရခိုင်ပြည်နယ်မှာ အခြေအနေတည်ငြိမ်နိုင်မယ်။ ပြီးရင် ရွေးကောက်ပွဲဟာ အတိုင်းအတာတစ်ခုထိ အခက်အခဲရှိလာတောင်မှ မဲပေးဖို့ ပြည်သူတွေက သူတို့ရဲ့ လုံခြုံရေး အတိုင်းအတာတစ်ခုထိ အာမခံချက်ရှိတယ်ဆိုပြီး ရွေးကောက်ပွဲမှာ စိတ်ပါဝင်စားလာကြမှာ ဖြစ်ပါတယ်။ အထူး သဖြင့် ရွေးကောက်ပွဲနေ့မှာမှ မဟုတ်ပါဘူး၊ မဲဆွယ်စည်းရုံးရေး ကတည်းကနေပြီး ဒါတွေကို ညှိနှိုင်းဖို့၊ အဖြေ ရှာဖို့လိုပါမယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ် လက်ရှိအချိန်ထိ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စစ်ဘေးဒုက္ခသည် နှစ်သိန်းခန့်အထိရှိလာသည်။

အဆိုပါ စစ်ဘေးဒုက္ခသည်များအတွက် အစိုးရအသိအမှတ်မပြုထားသည့် စစ်ဘေးရှောင်စခန်းများမှ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတို့၏စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး(ခွဲ)များတွင် ကပ်ပေးမည်ဖြစ်ကာ အစိုးရက တရားဝင်အသိမှတ်ပြုထားသည့် စခန်းတို့၌ ခိုလှုံနေကြသူများအတွက် ၎င်းတို့ခိုလှုံနေသည့် စခန်းမှာသာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းကို ကပ်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကောင်မရှင် အဖွဲ့(ခွဲ)မှ သိရသည်။

၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

ဗီဒီယိုများ