၂၀၂၁ ခု နှစ် ဖေဖေါ်ဝါရီလအတွင်း ရခိုင်ပြည်နယ်မှ ထူးခြားဖြစ်စဉ်များ

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ရခိုင်ပြည်နယ်၌့ဖြစ်ပျက်ခဲ့သည့် ထူးခြားဖြစ်စဉ်များအား ဖော်ပြပေးလိုက်ပါသည်။

01 Mar 2021

ဖေဖေါ်ဝါရီ ၁

-    ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက် ပိုင်းတွင် တပ်မတော်က နိုင်ငံတော်၏အာဏာ အရပ်ရပ်ကို ထိန်းသိမ်းလိုက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်သည်။

-    ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် တပ်မတော်မှ ထိန်းသိမ်းလိုက်သည်။

-    ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေတို့ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က လွှတ်တော်ဥက္ကဋ္ဌနေအိမ်မှ စစ်တွေမြို့၊ အမှတ်(၂၀)တပ်ရင်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ဒေါ်ခင်စောဝေကို ယင်းနေ့တွင်ပင် ပြန်လည်လွှတ်ပေးခဲ့သည်။

ဖေဖေါ်ဝါရီ ၂

-    ဦးသိန်းစိန်အစိုးရလက်ထက်က ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီးဖြစ်ခဲ့သည့် ဒေါက်တာအောင်ကျော်မင်းကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ (၁၂)ဦးအား ခန့်အပ်တာဝန်ပေးလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

-    ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့ကို တပ်မတော်က ပြန်လည်လွှတ်ပေးခဲ့သည်။

ဖေဖေါ်ဝါရီ ၃

-    ရခိုင်အမျိုးသားပါတီ(ANP) ၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်လည်းဖြစ်၊ ပြောရေးဆိုခွင့်လည်းရှိသူ ဒေါ်အေးနုစိန်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခန့်အပ်လိုက်သည်။

-    ယခင်က 2G အင်တာနက်သာရရှိသည့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်များတွင် ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် (၀၀း၃၀)နာရီအချိန်မှစ၍ 4G အင်တာနက်လိုင်း ပြန်လည်ဖွင့်ပေးခဲ့သည်။

ဖေဖေါ်ဝါရီ ၄

-    ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နှင့် ၃ မိုင်ကျော်ခန့်ကွာဝေးသည့် ပြင်ရှည်ကျေးရွာတွင် ဖေဖော်ဝါရီ ၄ ရက် နေ့လည် ၂ နာရီကျော်အချိန်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်အတွင်း ကလေးတစ်ဦး သေဆုံးကာ နှစ်ဦး ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်။

-    ပြည်ထောင်စုအတွင်းမှ သီးခြားဆန်သော ရခိုင်အကျပ်အတည်း ကိစ္စရပ်များအပါအဝင် အခြားသော ရခိုင်အမျိုးသားအကျိုးစီးပွားများအတွက် ရခိုင်အမျိုးသားပါတီ(ANP)၏ ကိုယ်စားပြုမှု လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန် လက်ရှိတပ်မတော်အစိုးရနှင့် လိုအပ်သလို ဆက်စပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်သူများသို့ အစီရင်ခံတင်ပြသည့်စာကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဖေဖေါ်ဝါရီ ၅

-    တပ်မတော်အစိုးရမှ ရွေးကောက်ပွဲပြန်လည်ကျင်းပမည်ဆိုပါက ရခိုင်ပြည်နယ်မှ နိုင်ငံရေးပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)နှင့် ရခိုင့်ဦးဆောင်ပါတီ(AFP)တို့က ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း အဆိုပါ ပါတီတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဖေဖေါ်ဝါရီ ၆

-    လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစိုးရအဖွဲ့တွင်ပါဝင်ပေးရန် ကမ်းလှမ်းချက်ကို ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ခေါင်းဆောင်များ၏ ဝိုင်းဝန်းသုံးသပ်ချက်အရ လက်မခံခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

-    ကိုဗစ်ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က စတင်ထုတ်ပြန်ခဲ့သည့် သံတွဲ၊ ဂွ၊ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ပေါက်တောနှင့် စစ်တွေမြို့နယ်တို့တွင် ညမထွက်ရအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

-    ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)အနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကိုသော်လည်းကောင်း၊ ဒီမိုကရေစီအာဏာရှင်စနစ်ကိုသော်လည်းကောင်း လက်ခံမည်မဟုတ်ဘဲ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို မျက်ခြည်ပြတ်မခံဘဲ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းပါတီမှ ထုတ်ပြန်ခဲ့သည်။

ဖေဖေါ်ဝါရီ ၇

-    ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းအား ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ခဲ့သည်။

-    ရခိုင်အမျိုးသားပါတီ(ANP)မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်အဖြစ်ပါဝင်နေခြင်းအား ပြန်လည်သုံးသပ်ပြီး လက်မခံရန် ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၄၇ ဖွဲ့မှ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်ပြီး တိုက်တွန်းခဲ့သည်။

-    ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ မခင်ထိပ်ထားလှိုင်၊ ကိုဟန်မင်းစိုးနှင့် မအေးမိမိခိုင်တို့ လူငယ်သုံးဦးကို ရဲစခန်းသို့ခေါ်ဆောင်ပြီး ခံဝန်ထိုးခိုင်းခဲ့သော်လည်း ကာယကံရှင်များက ငြင်းဆန်ခဲ့ကြသည်။

ဖေဖေါ်ဝါရီ ၈

-    ရခိုင်ပြည်နယ်၊ ဂွမြို့နှင့် သံတွဲမြို့တို့တွင် ဖေဖေါ်ဝါရီ ၈ ရက် နံနက်ပိုင်းက တပ်မတော်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဖေဖေါ်ဝါရီ ၉
-    စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် မာန်အောင်မြို့တို့၌ ဖေဖေါ်ဝါရီလ ၉ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့သူအချို့မှာ ရဲတပ်ဖွဲ့၏ ခေါ်ဆောင်ခြင်းကိုခံခဲ့ရပြီး ခံဝန်ထိုးခိုင်းခဲ့သည်။

-    ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီးဟောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်သူ ဦးမင်းအောင်နှင့် တောင်ကုတ်ဒေသခံ ကိုသန့်ဇင်ဖြိုးတို့ကို ရဲတပ်ဖွဲ့မှ ခေါ်ဆောင်သွားပြီး လှည့်လည်ဆန္ဒပြရာတွင် ဦးဆောင်ပါခဲ့သည့်အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေဖြင့် အမှုဖွင့်ခဲ့သည်။

ဖေဖေါ်ဝါရီ ၁၀

-    ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် မအိစောမွန်၊ ကိုခန့်ဝေလင်း၊ ကိုမျိုးလင်းဇော်နှင့် ကိုအောင်မြဦးတို့ လူငယ်လေးဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ခေါ်ယူပြီး ခံဝန်ထိုးခိုင်းခဲ့သည်။

-    စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်း ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ဖေဖေါ်ဝါရီလ ၉ ရက်နေ့က ဆန္ဒ ဖော်ထုတ်ခဲ့ရာတွင် ပါဝင်ခဲ့သည့် ဒေသခံ ၇ ဦးကို သဘာဝဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ-၂၅၊ ငြိမ်းစုစီပုဒ်မ-၁၉ တို့ဖြင့် အမ်းမြို့မရဲစခန်းမှ အမှုဖွင့်ခဲ့သည်။

-    ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို ဖေဖော်ဝါရီလ ၁၀ ရက်၊ ည ၁၀ နာရီကျော်တွင် တပ်မတော်သားများမှ လာရောက်ခေါ်ဆောင်သွားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေ ပုဒ်မ-၅၀၅(ခ) ဖြင့် အမှုဖွင့်ခံထားရသည်။

ဖေဖေါ်ဝါရီ ၁၁

-    ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဖေဖေါ်ဝါရီလ ၆ ရက်နေ့မှစတင်ကာ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ဆန္ဒပြသူများထဲမှ ဦးဝင်းနိုင်နှင့် ဦးကျော်ဆွေတို့နှစ်ဦးကို ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ ဖြင့် အမှုဖွင့်ခဲ့ပြီး ရဲစခန်းတွင် ထိန်းသိမ်းခံထားရသည်။

-    ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်ကို တပ်မတော်မှ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး ငြိမ်းစုစီ ပုဒ်မ ၁၉ဖြင့် အမှုဖွင့်ထားသည်။
-    စစ်တွေဒေသခံများ ဖြစ်ကြသည့် ဦးသန်းထွန်းနှင့် ဦးစံရွှေမောင်တို့အား ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များအဖြစ် ခန့်အပ်လိုက်သည်။

ဖေဖေါ်ဝါရီ ၁၂

-    ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့တွင် အကျဉ်းသား များကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးရာ၌ ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင် ၄ ခုမှ အကျဉ်းသား ၆၄၆ ဦး လွတ်မြောက်လာခဲ့သည်။

-    ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် တပ်မတော်မှအာဏာမှုကို မလိုလားကြောင်း ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ဆန္ဒပြဖော်ထုတ်ရာတွင် ပြည်သူများနှင့်အတူ အစိုးရဌာနများမှ ဝန်ထမ်းများလည်း ပါဝင်လာသည်ကို တွေ့ရှိရသည်။ ယင်းသို့ဆန္ဒဖော်ထုတ်ရာ၌ အစိုးရဌာနတစ်ခုဖြစ်သည့် ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့် အခြား ဌာနဆိုင်ရာအချို့မှ ဝန်ထမ်းများလည်း ပါဝင်ခဲ့သည်။

-    နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့နှစ်ဦးလုံး ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည်။
ပြည်ထောင်စုနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အကျဉ်းသားများထဲတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ ပါဝင်လာခြင်းဖြစ်သည်။

-    မြန်မာနိုင်ငံလုံးဆိုင်ရာဌာနေတိုင်းရင်းသားများ မဟာမိတ်အင်အားစုအနေဖြင့် တပ်မတော်မှ အာဏာသိမ်းမှုအား ကန့်ကွက်ကြောင်းနှင့် အာဏာရှင်စနစ်မလိုလားကြောင်း ဆန္ဒပြခြင်းကို ထောက်ခံကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်လိုက်သည်။

-    မြန်မာနိုင်ငံလုံးဆိုင်ရာဌာနေတိုင်းရင်းသားများ မဟာမိတ်အင်အားစုအနေဖြင့် တပ်မတော်မှ အာဏာသိမ်းမှုအား ကန့်ကွက်ကြောင်းနှင့် အာဏာရှင်စနစ်မလိုလားကြောင်း ဆန္ဒပြခြင်းကိုထောက်ခံကြောင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ဖေဖေါ်ဝါရီ ၁၇

-    ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင်လူငယ် နတ်မော်ကျေးရွာမှ NLD မြို့နယ်လူငယ်တာဝန်ခံ ကိုချစ်မောင်မောင်၊ ဦးခင်သက်နှင့် ကိုဇော်ဝင်းအောင်တို့ ၃ ဦးကို ဖေဖေါ်ဝါရီလ ၁၇ ရက် နံနက် ၉ နာရီခွဲအချိန်က တောင်ကုတ်ရဲစခန်းမှ ဖမ်းဆီးသွားခဲ့သည်။

-    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အုန်းတည်ချောင်းကျေးရွာတံတားဘယ်ဘက်ရှိ တောင်ပေါ်တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက သရက်ပင်ချောင်းကျေးရွာမှ အသက်(၄၂) နှစ်အရွယ် ဦးငဌေးမှာ အခြားအမျိုးသားနှစ်ဦးနှင့်အတူ တောင်ပေါ်သို့ သလူရွက်ခူးရန်သွားစဉ် မိုင်းထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။

ဖေဖေါ်ဝါရီ ၂၀

-    ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကျီးကန်းပြင်စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းက မသင်္ကာဖွယ်ရာ ကားတစ်စီးအား တားဆီးစစ်ဆေးရာမှ ရွှေချောင်း ၄၀၊ ကာလတန်ဖိုး စုစုပေါင်း ကျပ်သိန်း ၅၂၀၀ ခန့်ကို ဖမ်းဆီးရမိခဲ့သည်။

ဖေဖေါ်ဝါရီ ၂၂

-    ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ အမျိုးသမီးများအပါအဝင် ဒေသခံ(၄၈)ဦးအား ရဲတပ်ဖွဲ့မှ တစ်ညတာ ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့သည်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၉ နာရီကျော်အချိန်က မြောက်ဦးမြို့နယ်၊ ဘူးရွက်မညိုှးကျေးရွာရှိ စတိတ်ရှိုးပွဲမှ ပြန်လာကြသည့် ဒေသခံများမှာ မြောက်ဦးမြို့အဝင် ငွေတောင်ပေါက်တံတား စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီး ခံရခြင်းဖြစ်သည်။

-    ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)ဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ တရားစွဲဆိုပြီး အွန်လိုင်းစနစ်ဖြင့် ရုံးထုတ်ခဲ့သည်။ ယင်းအမှုကို စစ်တွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းမှ တရားလိုပြုလုပ်ကာ တရားစွဲဆိုခြင်း ဖြစ်ကြောင်း ဦးညီပု၏ အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေက ပြောသည်။

-    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ တောင်ပြိုနယ်စပ် မိုင်တိုင်အမှတ် ၃၆/၃၇ ကြား၌ နယ်စပ် ခြံစည်းရိုးပြုပြင်ရန်ဆောင်ရွက်နေစဉ် ဘူးသီးတောင်မြို့နယ် ပန်းကုံးမကျေးရွာမှ ကိုမောင်ထွန်း ၁၈ နှစ်မှာ မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

-    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကွမ်းသီးပင်ချောင်းဝအနီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှေဖြင့် တရားမဝင် ဝင်ရောက်လာသည့် မွတ်ဆလင်တစ်ဦးအား လက်လုပ်သေနတ်တစ်လက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖေဖေါ်ဝါရီ ၂၄

-    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် တရားစွဲဆို ခံရသည့် အမ်းဒေသခံ ၇ ဦးအား ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အမ်းမြို့နယ်တစ်ရားရုံးမှ တစ်ဦးလျှင် ငွေဒဏ် ရှစ်သောင်းကျပ်စီဖြင့် အမိန့်ချမှတ်လိုက်သည်။

-    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ရခိုင်အမျိုးသားပါတီ(ANP)မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးပါဝင်ပြီး နောက်တွင် ပါတီ၏လုပ်ဆောင်ချက်ကို ကျေနပ်မှုမရှိကြောင်း၊ ပါတီနှင့် ဆက်လက်လုပ်ဆောင်ရန် ဆန္ဒမရှိကြောင်းတို့ကြောင့် ပါတီဝင် ၄ ဦးက တရားဝင် နှုတ်ထွက်စာ တင်ခဲ့ကြသည်။

ဖေဖေါ်ဝါရီ ၂၆

-    အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော်၊ စည်/ကော် ဥက္ကဋ္ဌဟောင်း ဦးစန်းငွေ၊ တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ ဦးဝေသောင်းနှင့် ကိုစည်သူကျော်ဇံတို့ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံးမှ စွဲချက်တင်အမိန့်ချမှတ်လိုက်သည်။

-    လက်ရှိအသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ ဖိတ်ခေါ်ချက်ကြောင့် ရခိုင်အမျိုးသားပါတီ(ANP)နှင့် ရခိုင့်ဦးဆောင်ပါတီ(AFP)တို့ တက်ရောက်ခဲ့ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ကမူ တက်ရောက်ခြင်း မရှိခဲ့ပေ။

ဖေဖေါ်ဝါရီ ၂၇

-    ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုတို့တွင် လာရောက်တည်းခိုသည့် ဧည့်သည်များရှိပါက ဧည့်စာရင်းတိုင်ကြားကြရန် ဥပဒေပြဋ္ဌာန်းထားပြီး ယင်းသို့တိုင်ကြားခြင်းမရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက ပြောကြားခဲ့သည်။

ဖေဖေါ်ဝါရီ ၂၈

-    ဖေဖေါ်ဝါရီလအတွင်း စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည့် ဂွ၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်နှင့် အမ်းမြို့နယ်တို့မှ ဒေသခံ ၂၁ ဦးမှာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

-    ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကပ်ရောဂါကြောင့် ထုတ်ပြန်ထားသည့် မိမိတို့နေအိမ်အတွင်းနေထိုင်ကြရန် (Stsy at home) အစီအစဉ်အား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ပယ်ဖျက်လိုက်သည်။

ဗီဒီယိုများ