စစ်တွေတွင် ရောဂါအခံမရှိသည့် ကိုဗစ်လူနာတစ်ဦးသေဆုံး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် အခြားရောဂါအခံမရှိဘဲ Covid-19 ပိုးတွေ့လူနာ အမျိုးသမီး တစ်ဦး နိုဝင်ဘာလ ၂၀ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

By ကျော်သူဌေး 21 Nov 2020

ကျော်သူဌေး | DMG
နိုဝင်ဘာ ၂၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် အခြားရောဂါအခံမရှိဘဲ Covid-19 ပိုးတွေ့လူနာ အမျိုးသမီး တစ်ဦး နိုဝင်ဘာလ ၂၀ ရက်နေ့က သေဆုံးသွားခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သေဆုံးသွားသူမှာ ပေါက်တောမြို့နယ်မှ အသက် ၄၇ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး နိုဝင်ဘာလ ၉ ရက် နေ့တွင် စစ်တွေဆေးရုံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလူနာမှာ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အသက်ရှူကျပ်ပြီးနောက် သေဆုံးသွားခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ပေါက်တောမြို့နယ်က အမျိုးသမီး တစ်ခြားရောဂါအခံမရှိဘဲ ကိုဗစ်ကြောင့်ဆုံးတာ။ အသက်ရှူကျပ်ပြီး ဆုံးသွား တာပေါ့။ ပေါက်တောကနေ ၉ ရက်နေ့က စစ်တွေဆေးရုံကို ရောက်လာတာ။ စစ်တွေဆေးရုံမှာ ၁၂ ရက်လောက် ကြည့်ရှုစောင့်ရှောက်ခဲ့ပြီးပြီ” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ယခင်က သေဆုံးခဲ့သည့် ပိုးတွေ့လူနာများမှာ အခြားရောဂါအခံရှိသူများ ဖြစ်ကြသည်။

ရခိုင်ပြည်နယ်တွင် Covid-19 ကြောင့် သေဆုံးမှုနှုန်းမှာ ဝ.၇ ရာခိုင်နှုန်းသာရှိသော်လည်း Covid-19 ရောဂါကြောင့် အမှန်တကယ်သေဆုံးမှုများရှိနေသည်ကို လက်ခံရမည်ဖြစ်ကြောင်း ဒေါက်တာစိုးဝင်းပိုင်က ဆက်လက် ပြောသည်။

“သေဆုံးနှုန်းကတော့ ဝ.၇ လောက်ပဲရှိတယ်။ လူတစ်ထောင်မှာ ၇ ယောက်သေတယ်ပေါ့။ ဒါပေမယ့် ကိုဗစ်ကြောင့်လည်း ဆုံးနေတာပေါ့။ ဆုံးနေတာကိုလည်း လက်ခံရမယ်။ ဒါပေမယ့် များလာသလား ဆိုတော့လည်း တစ်ထောင်မှာ ၇ ယောက်လောက်ပဲရှိတယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ရခိုင်ပြည်နယ်တစ်ခုလုံးတွင် Covid-19 ရောဂါဖြင့် သေဆုံးသူမှာ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ ၂၈ ဦးအထိ ရှိလာနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုမိုကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်သူလူထုအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း စသည်တို့ကိုမပြုလုပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တိုက်တွန်းထားသည်။

ဗီဒီယိုများ