ရခိုင်ပြည်နယ်အတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၀၀၀ ကျော်အထိရှိလာပြီး သေဆုံးသူ ၂၉ ဦးရှိလာ

ရခိုင်ပြည်နယ်အတွင်း COVID-19 တတိယလှိုင်းတွင် ရောဂါပိုးကူးစက်ခံရသည့်လူနာစုစုပေါင်း ၁၁၄၈ ဦးအထိရှိလာပြီး ဇူလိုင် ၁၅ ရက်နေ့အထိ သေဆုံးသူ ၂၉ ဦးအထိရှိလာကြောင်း ရခိုင်ပြည်နယ်ကောင်စီ၏ စာရင်းအရ သိရသည်။

16 Jul 2021

DMG ၊ ဇူလိုင် ၁၆

ရခိုင်ပြည်နယ်အတွင်း COVID-19 တတိယလှိုင်းတွင် ရောဂါပိုးကူးစက်ခံရသည့်လူနာစုစုပေါင်း ၁၁၄၈ ဦးအထိရှိလာပြီး ဇူလိုင် ၁၅ ရက်နေ့အထိ သေဆုံးသူ ၂၉ ဦးအထိရှိလာကြောင်း ရခိုင်ပြည်နယ်ကောင်စီ၏ စာရင်းအရ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ရောဂါပိုးကူးစက်ခံရသူများလာသည့်အတွက် စစ်တွေမြို့အတွင်း Mask မတပ်သူများကို ဇူလိုင် ၁၄ ရက်နေ့မှစပြီး အရေးယူဆောင်ရွက်နေကြောင်း ပြည်နယ် ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက DMG သို့ပြောဆိုထားသည်။

"လောလောစဉ်ကတော့ Mask မတပ်သူတွေကို ငွေဒဏ် ၅၀၀ ဆောင်ခိုင်းမယ်။ Mask တစ်ခုပေးမယ်။ ပထမအကြိမ်သတိပေးမှာပေါ့။ နောက်ဆိုရင် ဥပဒေအရအရေးယူဆောင်ရွက်ဖို့ရှိတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၁၇ ခုလုံးတွင် ကိုဗစ်အတည်ပြု လူနာ အနည်းနှင့်အများရှိနေကြပြီး ကိုဗစ်လူနာသေဆုံးမှုမှာ စစ်တွေတွင် (၅)ဦး၊ မြောက်ဦး (၁)ဦး၊ ကျောက်ဖြူ (၃)ဦး၊ သံတွဲ (၆)ဦး၊ တောင်ကုတ် (၈)ဦး၊ ဂွ (၁)ဦးနှင့် မောင်တော(၅)ဦးတို့ဖြစ်ကြသည်။

ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် လူငါးဆယ်ဦးထက် ပိုမစုရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့မထွက်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေရန်၊ အပြင်ထွက်တိုင်း Mask တပ်ရန်နှင့် မကြာခဏလက်ဆေးရန်တို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးမှ ပြန်လည်ရုပ်သိမ်းထားခြင်းမရှိသေးသည့်အတွက် ယင်းသတိပေး ထုတ်ပြန်ချက်များကိုလည်း သတိပြုရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ပြည်သူတွေကို ကျန်းမာရေးဌာနအနေနဲ့ message ပေးချင်တာကတော့ မိမိကိုယ်ကိုကာကွယ်စေချင်တယ်။ အပြင်သွားရင်လည်း mask ကို စနစ်တကျတပ်ပြီးတော့သွားစေချင်တယ်။ နောက်ပြီးတော့ လူစုလူဝေးရှိတဲ့ နေရာတွေကို ရှောင်စေချင်တယ်” ဟု ဆိုသည်။

လက်ရှိ COVID-19 ရောဂါပိုးတွေ့လူနာ များပြားနေသော စစ်တွေမြို့တွင် ပြည်သူများအနေဖြင့် အပြင်ထွက်လျှင် Mask တပ်ဆင်မှုများရှိသော်လည်း အခြားစည်းမျဉ်းစည်းကမ်းများဖြစ်သည့် လူစုလူဝေးမပြုလုပ်ရန်၊ စားသောက်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့်ရောင်းချရန်တို့ကို လိုက်နာဆောင်ရွက်မှု အားနည်းနေသေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက မကြာသေးမီရက်ပိုင်းက DMG ကို ပြောဆိုထားသည်။

မြန်မာနိုင်ငံတွင် ဇူလိုင် ၁၅ ရက် ညနေ့ ၈ နာရီအထိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၂၁၂,၅၄၅) ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ (၁၅၃,၆၀၉)ဦးနှင့် သေဆုံးသူစုစုပေါင်း (၄,၃၄၆)ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။

ဗီဒီယိုများ