AA အတွက် ရန်ပုံငွေကောက်ခံသည်ဟုဆိုကာ ကျောက်ဖြူဒေသခံနှစ်ဦးကို စစ်တပ်ကဖမ်းဆီး

ရက္ခိုင့်တပ်တော်(AA/ULA)အတွက် ရန်ပုံငွေကောက်ခံပေးသည်ဟုဆိုကာ ကျောက်ဖြူမြို့ပေါ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို မေလ ၂၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မြန်မာစစ်တပ်မှ ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

27 May 2022

DMG ၊ မေ ၂၇

ရက္ခိုင့်တပ်တော်(AA/ULA)အတွက် ရန်ပုံငွေကောက်ခံပေးသည်ဟုဆိုကာ ကျောက်ဖြူမြို့ပေါ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို မေလ ၂၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မြန်မာစစ်တပ်မှ ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဖမ်းခံရသူများမှာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင်(၄၁ နှစ်)နှင့် ဒေါ်ခင်အုန်းနွဲ့ (၅၆နှစ်)တို့ဖြစ်ကြပြီး ၎င်းတို့ကို ရွှေဥထမင်းဆိုင်အနီးတွင် ကျောက်ဖြူအခြေစိုက် ခလရ(၃၄)တပ်ရင်းမှ တပ်ဖွဲ့ဝင်များကဖမ်းခေါ်သွားကာ ကျောက်ဖြူမြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

“ရွှေဥထမင်းဆိုင်နားမှာ စစ်တပ်က အရပ်ဝတ်နဲ့လူ(၉)ယောက်က သူတို့ကို လာဖမ်းသွားတယ်လို့သိရတယ်။အဲဒီနားကလူတွေပြောတာကတော့ သူတို့နှစ်ယောက်က ULA အတွက် ရန်ပုံငွေကောက်ခံနေတယ်ဆိုပြီး ဖမ်းဆီးသွားတာလို့ပြောကြတယ်။ ကျနော်တို့ကိုတော့ စစ်တပ်ကရော ရဲစခန်းကရော အခုချိန်ထိ လာအကြောင်းကြားတာမျိုး မရှိသေးဘူး”ဟု ဒေါ်ခင်အုန်းနွှဲ့၏ ခင်ပွန်း ဦးမြအောင်စံကပြောသည်။

ဖမ်းဆီးခံရသူ ဦးသန်းလှိုင်မှာ ဘေးတွဲဆိုက်ကယ်မောင်းနှင်ပြီး မိသားစုစားဝတ်နေရေးအတွက် တာဝန်ယူ နေရသူဖြစ်သောကြောင့် ယခုကဲ့သို့ဖမ်းဆီးခံရသည့်အတွက် အားကိုးရာမဲ့ဖြစ်ကာ စိုးရိမ်မိသည်ဟု ဦးသန်းလှိုင်၏ ဇနီး မချိုချိုသိန်းဆိုသည်။

“သူ ULA နဲ့ပတ်သက်ဆက်နွယ်နေလား ကျမတစ်ခါမှ မကြားမိဘူး။ သူဘေးတွဲဆိုက်ကယ်မောင်းပြီး ကျမတို့ စားဝတ်နေရေးအတွက် ရုန်းကန်ပေးနေတာကိုပဲ သိတယ်။ အခုကျမမှာ ကလေးနှစ်ယောက်နဲ့ အိမ်ငှားပြီးနေရတာ။ ဒီကြားထဲ ကလေးတွေကို ကျောင်းအပ်ရတော့မယ်။ အိမ်ငှားလခတွေပေးရတော့မယ်။

ကျမတို့စားဝတ်နေရေးအတွက် ရှေ့ကိုတွေးပြီး စိုးရိမ်ဝမ်းနည်းတာပဲသိတယ်။ သူ့ကို အမြန်လွှတ်ပေးစေချင်ပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့မရဲ့စခန်းသို့  ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ရခိုင်ပြည်တွင် တိုက်ပွဲရပ်တန့်ပြီးနောက် ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရသူ မရှိသလောက်နည်းပါးခဲ့ရာမှ ယခုထပ်မံ ဖမ်းဆီးစစ်ဆေးမှုရှိလာခြင်းဖြစ်သည်။ လက်ရှိတွင် AA နှင့် မြန်မာစစ်တပ်တို့ နှစ်ဖက်စစ်ရေးတင်းမာနေသည့် ကာလလည်းဖြစ်သည်။

ပြီးခဲ့သည့်မေလ ၂၆ ရက်နေ့ကလည်း ပလက်ဝမြို့နယ်တွင် AA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က လက်နက်ကြီးပစ်ကူများပေးခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ မြန်မာစစ်တပ်က ရခိုင်ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာထွက်သွားလာကာ ရက္ခိုင့်တပ်တော်နှင့်မပတ်သက်ရန် သတိပေးမှုများလည်း ရှိလာနေသည်။

ဗီဒီယိုများ