ရခိုင်မှ စစ်ကောင်စီတပ်သားများကို တိုက်ပွဲဝင်ရန် အသင့်ရှိနေရမည်ဟု စစ်ကောင်စီဒုဥက္ကဌ ပြောကြား

ရခိုင်ပြည်အတွင်းမှာရှိသည့် စစ်ကောင်စီတပ်သားများကို တိုက်ပွဲဝင်ရန်အသင့်ရှိနေရမည်ဟု စစ်ကောင်စီ ဒုဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားလိုက်သည်။

14 Jun 2022

DMG ၊ ဇွန် ၁၄

ရခိုင်ပြည်အတွင်းမှာရှိသည့် စစ်ကောင်စီတပ်သားများကို တိုက်ပွဲဝင်ရန်အသင့်ရှိနေရမည်ဟု စစ်ကောင်စီ ဒုဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားလိုက်သည်။

ရခိုင်ပြည်သို့ ရောက်ရှိနေသည့် စစ်ကောင်စီဒုဥက္ကဌ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် စစ်တွေနှင့်ဘူးသီး တောင်တပ်နယ်တို့မှ အရာရှိ၊ မိသာစုဝင်များနှင့် မနေ့က ဇွန်လ ၁၃ ရက်နေ့က တပ်နယ်ခန်းမများနှင့်ဧရိပ်သာတို့၌ သီးခြားတွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အမြဲတမ်းလေ့ကျင့်နေရမည်၊ အမြဲတမ်းစစ်ရေးသတိရှိရမည်၊ အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်ခြင်းတို့ဖြင့် မိမိ တို့တာဝန်ယူရမည့်နယ်မြေကို တပ်ရင်း၊ တပ်ဖွဲ့အလိုက်၊ တပ်နယ်အလိုက် စနစ်တကျဆောင်ရွက်ခြင်းဖြင့် နယ်ပြည်တစ်ခုလုံးလုံခြုံမှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုခဲ့သည်ဟု စစ်တပ်ပိုင် သတင်းစာတွင်ဖော်ပြထားသည်။

လုံခြုံရေးနှင့်ပတ်သက်၍ တပ်မတော်သားများဖြစ်ကြ၍ ၂၄ နာရီတာဝန်ရှိသူများဖြစ်သဖြင့် ပေးအပ်သော နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို လုံခြုံရေးသည် ပထမ၊ လုံခြုံရေးသည် ဒုတိယ၊ လုံခြုံရေးသည် တတိယ ဟူသောအသိစိတ်ဖြင့် သတိရှိရှိ တာဝန်ထမ်းဆောင်ရန်လိုအပ်ကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားထားသည်။

“ဖွဲ့စည်းပေးထားသည့် လက်ရုံးဝန်ထမ်းတပ်များအနေဖြင့်လည်း မူလရည်မှန်းချက်နှင့်တာဝန်များကို ပိုင်နိုင် ကျွမ်းကျင်နေရန်လိုအပ်ကြောင်း” ဟု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

ယင်းအပြင် မြန်မာစစ်တပ်အနေဖြင့် ပြည်သူများတည်ငြိမ်အေးချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်မှု၊ ငြိမ်းချမ်း စွာနေထိုင်ရမှုစသည့် ခံစားချက်များမပျက်စေရေးအတွက် အတတ်နိုင်ဆုံးထိန်းထိန်းသိမ်းသိမ်းနှင့် ဆောင်ရွက်နေကြောင်း စစ်ကောင်စီဒုက္ကဌက ပြောဆိုထားသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော် (AA) တို့ နှစ်ဖက်အကြား တိုက်ပွဲရပ်တန့်နေသည်မှာ တစ် နှစ်ကျော်အထိကြာမြင့်လာခဲ့ပြီဖြစ်သည်။ သို့သော် ယခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှု ၄ ကြိမ်အထိရှိခဲ့ပြီး လက်ရှိတွင် နှစ်ဖက်လက်နက်ကိုင်ကြားမှာ စစ်ရေးတင်းမာလျက်ရှိနေသည်။

တစ်ဖက်မှာ ရက္ခိုင့်တပ်တော် (ULA/AA) သည် တိုက်ပွဲရပ်တန့်အချိန်မှစ၍ ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေးတရား စီရင်ရေး ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပြီး ထိုလုပ်ဆောင်မှုများနှင့်ပတ်သက် စစ်ကောင်စီမှ သဘောမ တွေ့ပေ။

တည်ငြိမ်နေသည့် ရခိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားမှုရှိလာနေခြင်းမှာ စစ်ကောင်စီတပ်မှ AA ထိန်းချုပ်ရာနေရာများသို့ စစ်ကောင်စီဝင်ရောက်မှုကြောင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ်မှ လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။

“ရက္ခိုင့်တပ်တော် အနေနဲ့ကမြေပြင် အနေအထားမှာ ၇၅ ရာခိုင်နှုန်းလောက်တော့ ထိန်းသိမ်းတာ တယ်ဆိုတာ ကိုတော့သိရတယ်။ ဆိုတော့ ကိုယ့်နယ်မြေ နဲ့ ကိုယ့်နယ်‌မြေ ရှိနေတဲ့ အချိန်ကာလမှာ စစ်ကောင်စီအနေနဲ့ တော့ AA ထိန်းချုပ်ထားတဲ့နေရာ ကို ရောက်လာရင်တော့ တိုက်ပွဲ ဖြစ်မယ်။သူ့နေရာ သူနေမယ်ဆိုရင်တော့ တိုက်ပွဲကတော့ ဖြစ်လာစရာတော့ အကြောင်းမရှိဘူးလေ”ဟု ဦးအောင်သောင်းရွှေက ပြောသည်။

လက်ရှိမြေပြင်အနေအထားမှာ မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်စစ်ရေးတင်းမာမှုများရှိနေ သည့်အတွက် ယခင်ကဲ့သို့ လွတ်လပ်လပ်သွားလာမှုများလည်း နည်းပါးသွားသလို ဒေသတည်ငြိမ်နေချိန်တွင် နေရပ်ပြန်သူများလည်း မြို့ပေါ်သို့ ပြန်လည်ရောက်ရှိနေကြကြောင်း ဒေသခံများထံမှသိရသည်။

“ရသေ့တောင်မြောက်ပိုင်းက ရွာတစ်ချို့မှာ ရှိတဲ့ လူတွေဟာ တိုက်ပွဲဖြစ်မှာ စိုးရိမ်လို့မြို့ပေါ်ပြန်ရောက် နေကြပြီ။ အသက်ကြီးပိုင်းနဲ့ မိန်းမတွေ ကို ဦးစားပေးပြီး သန်မာတဲ့ယောကျာ်းတွေလောက်ပဲရွာမှာ စောင့်တဲ့ အနေနဲ့ပဲ နေခိုင်းတဲ့ ရွာ အချို့ရှိတယ်” ဟု ရသေ့တောင်မြို့မှ တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သူ ကိုကျော်မင်းခိုင်က ပြောသည်။

ရခိုင်ပြည်အတွင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှစ၍ မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူ နှစ်သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြပြီး စစ်ဘေးရှောင် ၆ သောင်း ကျော်မှာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးပေ။

နှစ်နှစ်ကျော်ကြာ စစ်ရေးပဋိပက္ခကြားမှာ မြေဇာပင်ဖြစ်ခဲ့ရသည့် စစ်ဘေးရှောင်ပြည်သူများက တိုက်ပွဲပြန်လည် ဖြစ်ပွားလာမည်အရေးကို စိုးရိမ်နေကြသည်။

ဗီဒီယိုများ