၂၀၂၀ အတွင်း ရခိုင်တွင် ဒီရေပင် ၂ သိန်းကျော်စိုက်ပျိုး

“ လက်ရှိမှာတော့ ကျွန်တော်တို့ ၃ မြို့နယ်မှာ ဒီရေပင် ၂ သိန်းကျော်စိုက်ပျိုးနိုင်သေးတယ်။ အခုလာမယ့် မိုးရာသီမှာတော့ ပဋိပက္ခတွေမဖြစ်ဘူးဆိုရင် နောက်ထပ် ၂ သိန်းကျော် စိုက်ဖို့အတွက် မျိုးစေ့တွေ စုထားတယ်” ဟု ဆိုသည်။

27 Mar 2021

ဓါတ်ပုံ - ကိုမျိုးလွင်

DMG ၊ မတ် ၂၇

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၃ ခုတွင် ၂၀၂၀ ခုနှစ်အတွင်း ဒီရေပင် ၂ သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း ဦးဆောင်စိုက်ပျိုးခဲ့သော ကိုမျိုးလွင်ကပြောသည်။

အဆိုပါ ဒီရေပင်များကို အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူမြို့နယ်တွင် စိုက်ပျိုးခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်က မျိုးစေ့များကို စုဆောင်းကာ ၂၀၂၀ ခုနှစ်တွင် စတင်စိုက်ပျိုးခဲ့ကြောင်းနှင့် ပြူး(ဗျုးခြေထောက်)၊ ဓနိပင်များကို အများဆုံးစိုက်ပျိုးနိုင်ခဲ့ကြောင်း ကိုမျိုးလွင်ကပြောသည်။

“ လက်ရှိမှာတော့ ကျွန်တော်တို့ ၃ မြို့နယ်မှာ ဒီရေပင် ၂ သိန်းကျော်စိုက်ပျိုးနိုင်သေးတယ်။ အခုလာမယ့် မိုးရာသီမှာတော့ ပဋိပက္ခတွေမဖြစ်ဘူးဆိုရင် နောက်ထပ် ၂ သိန်းကျော် စိုက်ဖို့အတွက် မျိုးစေ့တွေ စုထားတယ်” ဟု ဆိုသည်။

လာမည့်နှစ် ထပ်မံစိုက်ပျိုးမည့် ဒီရေပင်များကို ရမ်းဗြဲ၊ မြေပုံနှင့် ပေါက်တောမြို့နယ်များတွင် စိုက်ပျိုးရန် လျာထားပြီး စိုက်ပျိုးနိုင်မည့်နေရာများကို စာရင်းကောက်ယူမှုများပြုလုပ်နေသည်ဟု ကိုမျိုးလွင်ကဆိုသည်။

“ လက်ရှိမှာတော့ စိုက်ဖို့အတွက် နေရာတွေကို စာရင်းကောက်ခံနေတယ်။ ကိုယ်ထူကိုယ်ထ စိုက်ပျိုးနေရတဲ့အတွက် အခက်ခဲတွေတော့ အများကြီးရှိပါတယ် ” ဟု ဆိုသည်။

ဒီရေတောများကို တစ်နိုင်ငံလုံးတွင် ငါးနှစ်တစ်ကြိမ် စာရင်းကောက်ယူလျှက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ကောက်ယူခဲ့သည့်စာရင်းအရ ရခိုင်ပြည်နယ်တွင် ဒီရေတော ဧကစုစုပေါင်း ၃၉၅,၇၂၆ ရှိကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မျိုးလှိုင်က ၂၀၂၀ ခုနှစ် ဇူလိုင်လ အတွင်ကး DMG ကို ဖြေဆိုထားသည်။

ယင်းအထဲ၌ မောင်တောခရိုင်တွင် ၅၃၂၀ ဧက၊ စစ်တွေခရိုင်တွင် ၇၄၆၀ ဧက၊ မြောက်ဦးခရိုင်တွင် ၁၄၈၂၆၈ ဧက၊ ကျောက်ဖြူခရိုင်တွင် ၈၃၆၆၀ ဧကနှင့် သံတွဲခရိုင်တွင် ၈၃၈၇၆ ဧကရှိကြောင်း သိရသည်။

ဒီရေတောများတွင် ရေနေသတ္တဝါများ မှီခိုကျက်စားပေါက်ဖွားရာနေရာများ ရှိနေကြောင်းနှင့် သို့သော်လည်း ဒီရေတောများကို ခုတ်ထွင်ရှင်းလင်းပြီး ပုစွန်မွေးမြူရေး၊ ငါးမွေးမြူရေးကန်များ၊ ဆည်လုပ်ငန်းများကို လုပ်ကိုင်လျှက်ရှိနေကြသည်။  

ရခိုင်ပြည်နယ်ရှိ ဒီရေတောများကို ထိန်းသိမ်းမှုလုပ်ငန်းနှင့် ပြန်လည်အစားထိုး စိုက်ပျိုးမှုလုပ်ငန်းများကို အချိန်မီမလုပ်ဆောင်ပါက လုံးဝပြုန်းတီးသွားနိုင်ကြောင်း ဒီရေတောလေ့လာ စောင့်ကြည့်နေသူများက DMG သို့ ပြောဆိုထားသည်။

ဗီဒီယိုများ