AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသည့် ရခိုင်ဒေသခံနှစ်ဦးကို ထောင်သုံးနှစ်ချ

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် တရားစွဲဆိုခံထားရသည့် စစ်တွေဒေသခံတစ်ဦးနှင့် ရသေ့တောင်ဒေသခံတစ်ဦးတို့ကို ယမန်နေ့(ဇူလိုင်လ ၂၉)ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးမှ ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့်ရှေ့နေထံမှ သိရသည်။

30 Jul 2022

ထောင်ဒဏ်သုံးနှစ်ချမှတ်ခံလိုက်ရသည့် ရခိုင်ဒေသခံနှစ်ဦးသည် စစ်တွေအကျဉ်းထောင်တွင် ချုပ်နှောင်ခံနေရသည်။

DMG ၊ ဇူလိုင် ၃၀

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် တရားစွဲဆိုခံထားရသည့် စစ်တွေဒေသခံတစ်ဦးနှင့် ရသေ့တောင်ဒေသခံတစ်ဦးတို့ကို ယမန်နေ့(ဇူလိုင်လ ၂၉)ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးမှ ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့်ရှေ့နေထံမှ သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူနှစ်ဦးမှာ စစ်တွေမြို့နယ်မှ အသက် (၄၂)နှစ်အရွယ် ဦးသာဇံနှင့် ရသေ့တောင်မြို့နယ်မှ အသက်(၃၆)နှစ်အရွယ် ဦးမောင်ဘုတို့ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ခိုင်ခိုင်ဘုကပြောသည်။

“တရားရုံးက သူတို့နှစ်ဦးဟာ အကြမ်းဖက်ဥပဒေပုဒ်မ- ၅၂(က)ကို ကျုးလွန်တယ်လို့ပေါ်ပေါက်တယ်ဆိုပြီး ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်တယ်။ ထောင်ဒဏ်က သုံးနှစ်ဖြစ်တယ်။ဒါပေမယ့် ချုပ်ရက်ကို သူတို့ကထုတ်နုတ်ခံစားရမယ်”ဟု သူကဆိုသည်။

ထောင်ဒဏ်သုံးနှစ်ချမှတ်ရသည့် ဦးသာဇံနှင့် ဦးမောင်ဘုတို့၏ တရားရင်ဆိုင်ခဲ့ရသည့်ကာလမှာ (၂)နှစ်ခန့်အထိကြာမြင့်ခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ဦးမှာ ချုပ်ရက်(၂)နှစ်ခန့်ကို ခံစားရမည်ဖြစ်သည့်အတွက် အကျဉ်းကျခံရမည့်ကာလမှာ တစ်နှစ်ခန့်သာ ကျန်ရှိတော့သည်။

၎င်းတို့နှစ်ဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် စစ်တွေမြို့မှ ပုဏ္ဏားကျွန်းဘက်သို့ သုံးဘီးဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ယင်းနောက် သူတို့နှစ်ဦးကို ဗိုလ်ကြီး အောင်မြင့်မြတ်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် တရားစွဲခဲ့ပြီးနောက် (၂)နှစ်ခန့်အကြာတွင် ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာနေချိန်တွင် AA နှင့်ဆက်စပ်သည်ဟုဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅ဝ(ည)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုခံထားရသူများကို စစ်ကောင်စီက ထောင်ဒဏ်များ ဆက်တိုက်ချမှတ်လာနေသည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းကပြောသည်။

“စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ AA ကို အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်လိုက်ပေးလိုက်တယ်။ အဲဒီနောက် AA နဲ့ပတ်သက်လို့ ဖမ်ဆီးထားသူတွေကို အသုတ်လိုက်လွှတ်ပေးတယ်။ အခု AA နဲ့ စစ်ရေးတင်းမာနေချိန်မှာ အရင်က အကြမ်းဖက်နဲ့ တရားစွဲဆိုထားတဲ့သူတွေကို ပြစ်ဒဏ်ချမှတ်လာတယ်။အခုဖမ်းဆီးထားတဲ့သူတွေကိုလည်း မှောင်ရိပ်ခိုမှုတွေနဲ့ ထောင်ချတာတွေလုပ်လာတယ်။ နောက် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ပုဒ်မတွေနဲ့ တရားစွဲဆိုလာတာကိုတွေ့ရတယ်။ ဒါတွေက ကောင်းကျိုးဘက်ကကို မသွားဘဲ ဆိုးကျိုးဘက်ကိုသွားစေတယ်လို့ပြောချင်တယ်”ဟု သူကပြောသည်။

ယခုဇူလိုင်လအတွင်းတွင် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုခံထားရသူများထဲမှ ထောင်ဒဏ်ချမှတ်ခံရသူ ၂၀ ကျော်အထိရှိလာနေသည်။ ထောင်ဒဏ်ချမှတ်ခံရသူများမှာ မြောက်ဦးမြို့နယ်မှဒေသခံ ၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသား ၅ ဦးနှင့် အိုင်ဒင်ကျေးရွာသား ၂ ဦး၊ ကျောက်ဖြူမြို့နယ် ဒေသခံ ၉ ဦးတို့ကို သက်ဆိုင်ရာတရားရုံးအသီးသီးမှ ထောင်ဒဏ်ချမှတ်ခဲ့သည်။

ထိုသို့ အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုထားသူများကို စစ်ကောင်စီမှ ထောင်ဒဏ်များ ဆက်တိုက်ချမှတ်လာနေခြင်းမှာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာမှုအခြေအနေများကြောင့်ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်ကပြောသည်။

“အခုက အကြမ်းဖက်နဲ့ တရားစွဲဆိုထားတဲ့အုပ်စုတွေ ဖြတ်ဖို့လိုလာတဲ့အတွက် လွှတ်ပေးတယ်ဆိုတာထက် အမိန့်ချတာတွေကို တောက်လျှောက်လုပ်လာတာ တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် နောက်ကအုပ်စုတွေကို တစ်ခုခုနဲ့အရေးယူဖို့ လိုလာတဲ့အတွက် ရှေ့ကအုပ်စုတွေကို အမှုဖြတ်တယ်လို့ သဘောသက်ရောက်တယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် နိုင်ငံရေးရာသီဥတုအခြေအနေအရ တရားစွဲဆိုခံထားရတဲ့သူတွေဟာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့အတွက် နိုင်ငံရေးရာသီဥတုကောင်းတယ်ဆိုရင် လွှတ်ပေးမယ်။ နိုင်ငံရေးရာသီဥတု မကောင်းဆိုရင် ထောင်ချမယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တယ်”ဟု သူကဆိုသည်။

ရက္ခိုင့်တပ်တော်(AA)ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က အကြမ်းဖက်အဖွဲ့အစည်းအုပ်စုနှင့် မတရားအသင်းအဖြစ် NLD အစိုးရက ကြေငြာခဲ့သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် အကြမ်းဖက်အုပ်စုမှ ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။

ယင်းနောက် ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟု ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒဖြင့် တရားစွဲဆိုခံထားရသော တစ်ချို့ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။

သို့သော် ယခုနှစ်အတွင်းတွင် စစ်ကောင်စီနှင့် AA တို့ကြား တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ဖမ်းဆီးမှုများ၊ မောင်တောတိုက်ပွဲဖြစ်ပွားမှုတို့ကြောင့် စစ်ရေးတင်းမာနေပြီး အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုထားသူများကိုလည်း စစ်ကောင်စီဘက်မှ ထောင်ဒဏ်များ ဆက်တိုက်ချမှတ်လာနေခြင်းဖြစ်သည်။

ဗီဒီယိုများ