တပ်မတော်က ခေါ်ယူသွားသူနှစ်ဦး၏ သတင်းအစအန မကြားရသဖြင့် မိသားစုစိုးရိမ်

တပ်မတော်က ခေါ်ယူသွားသော ရသေေ့တာင်မြို့နယ်၊ ရေဘုတ်ကျေးရွာမှ ဒေသခံ (၂)ဦး၏ သတင်းအစအန မကြားရသောကြောင့် မိသားစုဝင်များ စိုးရိမ်နေကြသည်။
အသက် (၅၁)နှစ်အရွယ် ဦးမောင်သန်းလှိုင်နှင့် အသက် (၆၀) ကျော်အရွယ် ဦးလှထွန်းစိန်တို့ကို တပ်မတော်က အောက်တိုဘာလ (၂၇)ရက်နေ့က ခေါ်ယူသွားခြင်းဖြစ်သည်။

By အောင်ထိန် 01 Nov 2019


အောင်ထိန်|DMG

နိုဝင်ဘာ ၁ ၊ ရသေ့တောင်

တပ်မတော်က ခေါ်ယူသွားသော ရသေေ့တာင်မြို့နယ်၊ ရေဘုတ်ကျေးရွာမှ ဒေသခံ (၂)ဦး၏ သတင်းအစအန မကြားရသောကြောင့် မိသားစုဝင်များ စိုးရိမ်နေကြသည်။
အသက် (၅၁)နှစ်အရွယ် ဦးမောင်သန်းလှိုင်နှင့် အသက် (၆၀) ကျော်အရွယ် ဦးလှထွန်းစိန်တို့ကို တပ်မတော်က အောက်တိုဘာလ (၂၇)ရက်နေ့က ခေါ်ယူသွားခြင်းဖြစ်သည်။

ဦးမောင်သန်းလှိုင်သည် ရွာပြင်ဘက် လယ်ကွင်းအနီးတွင် နွားကျောင်းနေစဉ် ခေါ်ယူခံရပြီး ဦးလှထွန်းစိန်မှာ ရွာအနီးပစ်ခတ်မှုများရှိနေသဖြင့် ထွက်ပြေးစဉ် ခေါ်ယူခံရခြင်းဖြစ်သည်ဟု ဦးမောင်သန်းလှိုင်၏ဇနီး ဒေါ်မဝါက ပြောသည်။

“ကျမယောကျ်ားက ကိုယ့်လယ်ကွင်းဘက်ကို နွားကျောင်းဖို့သွားတယ်။ အဲဒီနေ့က ရွာအနီးမှာ စစ်တပ်က လေယာဉ်တွေနဲ့ ပစ်နေတယ်။ ရွာကလူတွေက ထွက်ပြေးကြတယ်။ ကျမအိမ်ရှင်က ကြောက်ပြီး(ရွာကို) မလာရဲဘူး။ လယ်ကွင်းမှာ ပဲရှိနေတယ်။ အခုထိ စုံစမ်းလို့မရသေးဘူး”ဟု ၎င်းကဆိုသည်။

၎င်းတို့နှစ်ဦးသည် ကျောက်တန်းကျေးရွာမှ ဒေသခံ(၂)ဦးနှင့်အတူ တပ်မတော်၏ ရိုက်နှက်စစ်ဆေးမှု ကိုခံခဲ့ရသောကြောင့် အောက်တိုဘာလ (၃၀)ရက်နေ့က ထွက်ပြေးသွားကြသည်။

ကျောက်တန်းကျေးရွာသား နှစ်ဦးမှာ ဒဏ်ရာများဖြင့် ရွာသို့ရောက်ရှိလာသော်လည်း  ရေဘုတ်ကျေးရွာသားနှစ်ဦးမှာ ရွာသို့ရောက်မလာပေ။ ထို့ကြောင့် ထပ်မံဖမ်းဆီးခံရခြင်း ရှိ၊မရှိ နှင့် တခြား နေရာတစ်ခုသို့ ရောက်ရှိခြင်း ရှိ၊မရှိကို မသိရှိရသေးကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

ကျောက်တန်းရွာသားနှစ်ဦးနှင့် ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ယင်းသို့ ဖမ်းဆီးမှုမရှိကြောင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းမရှိကြောင်း DMG သို့ ဖြေကြားသည်။

ဆက်လက်ပြီး ရေဘုတ်ကျေးရွာသားနှစ်ဦးကိစ္စနှင့် ပတ်သက်၍ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို DMG က ဆက်သွယ်ရာတွင် ဖုန်းစက်ပိတ်ထားသည်။

ဦးမောင်သိန်းလှိုင်မှာ ကျန်းမာရေးမကောင်းသဖြင့် ဆေးကုသမှု ခံယူနေရသူဖြစ်ပြီး ဦးလှထွန်းစိန်မှာလည်း နာမကျန်းဖြစ်နေသော သက်ကြီးရွယ်အိုဖြစ်သည်ဟု မိသားစုဝင်များထံကသိရသည်။

“ကျမယောက်ျားက ကျန်းမာေရေးမကောင်းဘူး။ ထိုင်းနိုင်ငံမှာ ဆေးကုပြီးပြန်လာတာ။ ကျမအိမ်ရှင်က ရောဂါဖြစ်နေသူတစ်ဦးဖြစ်တဲ့အတွက် ပိုပြီးစိုးရိမ်တယ်။ မိသားစုတွေကလည်း အကုန်လုံး စိုးရိမ်နေကြတယ်”ဟု ဒေါ်မဝါက  ပြောသည်။

ရသေ့တောင်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်။

ဗီဒီယိုများ