ရခိုင်မှ မွတ်ဆလင်နှစ်ဦး ရွေးကောက်ပွဲဝင်ပြိုင်ခွင့် ပယ်ချခံရ

၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသည့် မွတ်စလင်နှစ်ဦး ရွေးကောက်ပွဲဝင်ပြိုင်ခွင့်ပယ်ချခံရကြောင်း ကာယကံရှင်များထံမှ သိရသည်။

16 Aug 2020

ခင်သရဖီဦး | DMG
သြဂုတ် ၁၆ ၊ စစ်တွေ

၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသည့် မွတ်စလင်နှစ်ဦး ရွေးကောက်ပွဲဝင်ပြိုင်ခွင့်ပယ်ချခံရကြောင်း ကာယကံရှင်များထံမှ သိရသည်။

ယင်းသို့ပယ်ချခံရသူနှစ်ဦးမှာ စစ်တွေမြို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီမှ အဒူရော်ရှိနှင့် ဘူးသီးတောင်မြို့မှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် အဘူလ်တာဟေရ်တို့ဖြစ်သည်။

မိဘနှစ်ဦးမှာ နိုင်ငံသားမဟုတ်သည့်အတွက်ဟုဆိုကာ အဒူရော်ရှိကို သြဂုတ်လ(၁၁)ရက်နေ့တွင် စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ပယ်ချခဲ့ပြီး အဘူလ်တာဟေရ်ကို သြဂုတ်လ(၁၄)ရက်နေ့တွင် ဘူးသီးတောင်ခရိုင် ရွေးကောက်ပွဲကော်မရှင်မှ ပယ်ချခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ပယ်ချခံလိုက်ရသည့် အဘူလ်တာဟေရ်က“နိုင်ငံသားဥပဒေကို သူတို့က ဥပဒေအတိုင်းမဆုံးဖြတ်၊ ပေါ်လစီနဲ့ ဆုံးဖြတ်လိုက်တဲ့အတွက် ပယ်ချခြင်းခံရတာပေါ့နော်။ ဥပဒေအတိုင်းဆိုရင် ကျနော်က လုံးဝနိုင်ငံသား ဖြစ်ပြီးသားလူလေ။ ကျနော်မိဘတွေ ကျနော်ဘိုးဘွားတွေက အားလုံးနိုင်ငံသားဖြစ်ပြီးသားလူတွေဖြစ်တယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မောင်တောခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးဦးကျော်သန်းက “အဘူလ်တာဟေရ်က ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၀(င)အရ ပယ်တာပါ။ မွေးဖွားစဉ်က နိုင်ငံသားမဖြစ်သေးသော မိဘတစ်ပါးပါးမှ ဖြစ်စေ၊ နှစ်ပါးလုံးမှဖြစ်စေ၊ မွေးဖွားလာသည့် နိုင်ငံသားလို့ပါတယ်။ သူက အဲဒီပုဒ်မနဲ့ ငြိတာပါ။ သူမွေးဖွားတဲ့အချိန်က သူ့မိဘနှစ်ပါးလုံးက နိုင်ငံသားမဖြစ်သေးဘူး။ အဲဒီပုဒ်မနဲ့ ပယ်လိုက်တာပါ” ဟု ရှင်းပြသည်။

အဘူလ်တာဟေရ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်ရန်လျှောက်ထားခဲ့သော်လည်း နိုင်ငံသားဥပဒေနှင့်မညီဟုဆိုကာ ပယ်ချခြင်းခံခဲ့ရသည်။

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ၌ မြန်မာတစ်နိုင်ငံလုံးတွင် ၁၈ နေရာထိ ဝင်ပြိုင်ရန်လျှောက်ထားခဲ့သော်လည်း ယခုကဲ့သို့ နိုင်ငံသားဥပဒေနှင့်ကိုက်ညီခြင်းမရှိဟုဆိုကာ ၁၅ ဦး ပယ်ချ ခံခဲ့ရကြောင်း ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်းက ဆိုသည်။

“နိုင်ငံသားတိုင်းဟာ နိုင်ငံရေးမှာ ပါဝင်ခွင့်ရှိတယ်လေ။ ဒါကကျနော်တို့ရဲ့ အခြေခံအခွင့်အရေးတစ်ခုဖြစ်တယ် ပေါ့နော်။ အင်္ဂလိပ်ခေတ်ကနေ ၂၀၁၀ ထိ ရွေးကောက်ပွဲအားလုံးမှာ ပါဝင်ခွင့်ယှဉ်ပြိုင်ခွင့်တွေရခဲ့တယ်။ အမတ်တွေ ဝန်ကြီးတွေရှိခဲ့တယ်။ အဲဒီအစဉ်အလာတွေ ခုလည်းရှိအောင်လို့ဆိုပြီးတော့ လျှောက်တာ” ဟု ၎င်းက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ အဒူရော်ရှိအပါအဝင် ၅ ဦးအထိ ရခိုင် ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားကြောင်း ဦးကျော်မင်းကဆိုသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်း ၃၈၆ ဦးရှိပြီး ယင်းအထဲတွင် တစ်သီးပုဂ္ဂလဝင်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၄၂ ဦး အထိရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)မှ သိရသည်။

ဗီဒီယိုများ