တင်းမကျေးရွာသားများ နေရပ်ပြန်နိုင်ရေး ကောင်စီထံ ဒုတိယအကြိမ် စာတင်ခဲ့သော်လည်း အကြောင်းပြန်ခြင်းမရှိသေး

ကျောက်တော်မြို့နယ် တင်းမကျေးရွာမှ ဒေသခံများမှာ မိမိနေရပ်တွင်ပြန်လည်အခြေချ နေထိုင်ရေးနှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီထံသို့ ဒုတိယအကြိမ်စာတင် အကြောင်းကြားခဲ့သော်လည်း လက်ရှိအချိန်ထိ အကြောင်းပြန်ခြင်းမရှိသေးကြောင်း တင်းမကျေးရွာသားများက ပြောသည်။

27 May 2021

ဓါတ်ပုံ - တင်းမဆရာတော်

DMG ၊ မေ ၂၇

ကျောက်တော်မြို့နယ် တင်းမကျေးရွာမှ ဒေသခံများမှာ မိမိနေရပ်တွင်ပြန်လည်အခြေချ နေထိုင်ရေးနှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီထံသို့ ဒုတိယအကြိမ်စာတင် အကြောင်းကြားခဲ့သော်လည်း လက်ရှိအချိန်ထိ အကြောင်းပြန်ခြင်းမရှိသေးကြောင်း တင်းမကျေးရွာသားများက ပြောသည်။

စာထဲတွင် လုပ်ကိုင်စားသောက်နေသည့် လယ်၊ မြေ၊ တော၊ တောင်များတွင်၊ မိုင်းရှင်းလင်းပေးရန်၊ ကျေးရွာအတွင်း မီးလောင်ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်ထူထောင်ပေးရန်၊ ကျေးရွာအတွင်း ပြန်လည်အခြေချနေထိုင်ရာတွင် မူလလုပ်ကိုင်စားသောက်နေခဲ့သော လုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် အခြေခံပစ္စည်းများထောက်ပံ့ပေးရန်၊ ပျက်စီးသွားသည့်ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး ကျောင်းများအား ပြန်လည်မွမ်းမံပေးရန်၊ တင်းမကျေးရွာနှင့် ကျောက်တော်မြို့သို့ သွားလာရာတွင် စစ်ဆေးမှုမရှိ လွတ်လပ်စွာ သွားလာခွင့်ပြုရန်၊ ကျေးရွာအနီး တပ်စွဲထားသည့် တပ်စခန်းအား ပြောင်းရွေ့ပေးရန်၊ ဖမ်းဆီးခံရသည့် တင်းမကျေးရွာသား ၁၈ ဦးအား စုံစမ်းဖော်ထုတ်ပေးရန်  စသည့် အချက် ၇ ချက်တို့ဖြင့် ရွာသားများက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ယင်းတောင်းဆိုချက် ၇ ချက်ဖြင့် ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့က ပထမတစ်ကြိမ်နှင့် မေလ ၁၀ ရက်နေ့မှာ ဒုတိယအကြိမ် အဖြစ်ထပ်မံတောင်းဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ အကြောင်းတစုံတရာ ပြန်ကြားခြင်းမရှိသေးပေ။

စစ်ဘေးရှောင်စခန်းများတွင် ယခင် ကိုဗစ်မဖြစ်ခင်က အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများမှ ထောက်ပံ့သည့်အခါ စားသောက်ရေးအဆင်ပြေခဲ့သော်လည်း လက်ရှိမှာ နိုင်ငံရေးအခြေနေကြောင့် စီးပွားရေးအဆင်မပြေသည့်အတွက် ထောက်ပံ့ပေးခြင်းမှာလည်း နည်းပါးလာပြီး စားဝတ်နေရေးတွက် အလွန်ခက်ခဲလာသည်ဟု တင်းမကျေးရွာသား ဦးသန်းတင်က ပြောသည်။

“အခု ဒီနေရာမှာနေပြီး လူကယ်ပြန်က တရက်မှာမှ ဆန်နို့ဆီဗူးနဲ့ ၂ ဗူးရတယ်။ WFP ကလည်း တရက်မှာမှ ပိုက်ဆံ ၅၀၀ ရတယ်။ ကျနော်တို့အနေနဲ့ ဆေးလိပ်သောက်လိုက်ရင်တောင် ကုန်သွားတာမျိုး။ ကိုယ့်ရပ်ကိုယ့်ရွာမှာဆိုရင် ပဲစိုက်၊ စပါးစိုက် အဲဒီလိုရတယ်။ လတ်တလောအခြေနေမှာ အလုပ်အကိုင်တွေ လည်းရှားတယ်။ အလုပ်လည်းမရှိဘူး ဖြစ်နေတယ်” ဟု ဆိုသည်။စစ်ဘေးရှောင်စခန်းအတွင်း ကြပ်ကြပ်တည်းတည်းနဲ့ နေရခြင်းမှာ မိသားစုအတွက် မျှော်လင့်ချက်၊ ဦးတည်ချက်၊ ရည်ရွယ်ချက် ပျောက်ဆုံးနေသည်ဟု ဦးစိုးသိန်းက ဆိုသည်။

“ကိုယ့်ရပ်ကိုယ့်ဒေသမှာဆိုရင် မျှော်လင့်ချက်ဦးတည်ချက် ရည်ရွယ်ချက်တွေထားလို့ရတယ်။ ကိုယ့်သားသမီးတွေကို ရှင်ပြုဖို့ကျောင်းထားဖို့ အစပေါ့နော်။ အဲဒီလိုမျိုး မျှော်လင့်လို့ရတယ်။ အခုက ကျနော်တို့အနေနဲ့ ဘာမှမျှော်လင့်လို့မရဘူး။ ရှင်လျက်နဲ့ သေနေရတဲ့ လူမျိုးပါ။ ဒီနှစ်ဆိုရင် ကျနော့မှာ အဝေးသင်တက်မဲ့သမီးတစ်ယောက်ရှိတယ်။ သူ့ကို ဘယ်ပိုက်ဆံနဲ့ ကျနော်တို့ထားနိုင်မှာလဲ။ ” ဟု ဆိုသည်။

တင်းမကျေးရွာသားများ တောင်းဆိုထားခြင်းနှင့် ပတ်သတ်ပြီး ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးသန်းထွန်းအား DMG မှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တင်းမကျေးရွာသားများမှာ ကျေးရွာကိုစွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရပြီးနောက်တွင် ကျေးရွာအတွင်းမှ နေအိမ်များမီးရှို့ခံခဲ့ရကြောင်း ကျေးရွာသားများကပြောဆိုကြသည်။

လက်ရှိ တင်းမကျေးရွား သားများမှာ ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်း၊ ကျောက်တော် မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း အသီးသီးတို့တွင် ယာယီခိုလှုံလျက်ရှိနေကြသည်။

ဗီဒီယိုများ