တစ်ပတ်အတွင်း ရခိုင်သတင်းများ

(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ သတင်းအကျဉ်းစုစည်းမှု)
Development Media Group (DMG)

16 Jul 2021

ဇူလိုင် ၈

■ ရခိုင်ပြည်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကတည်းက အိန္ဒိယမှလှူဒါန်းထားသည့် ကိုဗစ်ကာကွယ်ဆေး (COVID SHIELD) နှင့် တရုတ်မှ လှူဒါန်းထားသည့် Covid-19 ကာကွယ်ဆေးထိုးထားသူ တစ်သိန်းတစ်သောင်းကျော်ရှိကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
■ ရခိုင်ပြည်တွင် ကိုဗစ် ၁၉ ရောဂါကူးစက်သူနှင့်သေဆုံးသူ များပြားလာနေသည့်အချိန်တွင် စစ်ဘေးရှောင်စခန်းများ၌ ကိုဗစ်ရောဂါကာကွယ်ခြင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ဆောင်ရွက်ထားမှု မရှိသေးကြောင်း စစ်ဘေးရှောင်များက ပြောသည်။
■ ရခိုင်ပြည် မြို့တော် စစ်တွေမြို့မဈေးတွင် ဈေးရောင်းချနေသူများအနေဖြင့် COVID -19 စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရောင်းချခြင်းမပြုလုပ်ပါက ဈေးအားယာယီပိတ်သိမ်း၍ (Lock Down ) ချသွားမည် ဖြစ်ကြောင်း အသိပေးစာများကို ဈေးအကျိုးတော်ဆောင်ကော်မတီက အသိပေးစားများ လိုက်လံဖြန့်ဝေခဲ့သည်။
■ ဇူလိုင်လ ၉ ရက်နေ့ကစ၍ ဇူလိုင်လ ၂၃ ရက်နေ့အထိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအပါအဝင် အခြေခံပညာရေးကျောင်းများအားလုံးပါ ပိတ်သိမ်းမည်ဟု စစ်ကောင်စီ၏ လက်အောက်ခံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန (MoHs) က  ည ၁၁ နာရီအချိန်ခန့်က ထုတ်ပြန်သည်။

ဇူလိုင် ၉

■ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ဗီဒီယိုအွန်လိုင်းစနစ် (Video Conferencing) ဖြင့် ဇူလိုင်လ ၉ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။
■ နေရာဒေသအသီးသီးမှ ကျောက်ဖြူမြို့သို့ လာရောက်မည့် ခရီးသည်များအနေဖြင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာပါရှိရမည်ဖြစ်ပြီး ထိုသို့ မပါရှိပါက Quarantine (၁၁)ရက် ဝင်ရောက်ရမည်ဖြစ်ကြောင်း ကျောက်ဖြူခရိုင်စစ်ကောင်စီမှ ထုတ်ပြန်ခဲ့သည်။
■ ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် Covid-19 တတိယလှိုင်းကြောင့် ရောဂါကူးစက်ခံရသူ များပြားလာသည့်အတွက် ရွှေပြည်တန်အမြန်ရေယာဉ်ဆိပ်ကမ်းတွင် တရုတ်နိုင်ငံထုတ် (Hik Vision Network Thermal Camera) အပူချိန်တိုင်းစက် တပ်ဆင်ကာ ခရီးသည်များကို အပူချိန်တိုင်းတာခြင်း၊ ရေယာဉ်လိုင်းများကိုလည်း တစ်ခုံခြားစနစ်ဖြင့် ပြေးဆွဲရန်စီစဉ်လျက်ရှိကြောင်း ရွှေပြည်တန်မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။
■ မောင်တောမြို့နယ်တွင် Covid-19 ကူးစက်မှု နေ့စဉ်ရက်ဆက် တွေ့ရှိနေ၍ ကူးစက်မှုလျှော့ချနိုင်ရန်အတွက် ဇူလိုင်လ ၁၀ ရက်နေ့မှစတင်ပြီး မောင်တောမြို့နယ်အတွင်းရှိ ဈေးများ၊ စားသောက်ဆိုင်များကို နေ့တစ်ဝက်သာ ဖွင့်ခွင့်ပြုတော့မည်ဟု မြို့နယ်စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
■ ရခိုင်ပြည်တွင် ဘာသာရေးပွဲများကျင်းပပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိစေရန် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ် ဥပဒေချုပ်ရုံး၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်စစ်ကောင်စီ၏ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြောကြားခဲ့သည်။
■ ကျောက်တော်မြို့နယ် လူဦးရေ ၅၀၀ ကျော်ရှိသည့် တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အများစုမှာ အရေပြားရောဂါဖြစ်ပွားနေကြ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်နေကြောင်း သိရသည်။

ဇူလိုင် ၁၀

■ အမည်မသိ လက်နက်ကိုင်လူတစ်စုထံ ဖမ်းဆီးခြင်းခံရသည့် စစ်တွေဒေသခံ ၃ ဦးဖြစ်သည့် တရားသီးစုရပ်ကွက်မှ ဦးအေးထွန်း (ခေါ်) ဦးအေးထွန်းဘု၊ ကျေးပင်ကြီးရပ်ကွက်မှ ALD (စစ်တွေ) ယာယီ ဥက္ကဌ ဦးဇော်ဝင်းထွန်း၊ အောင်ဒိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးထွန်းမောင်တို့နှင့် ဇူလိုင်လ ၁၀ ရက်နေ့အထိ အဆက်အသွယ်မရသေးဟု သက်ဆိုင်ရာ မိသားစုဝင်များက ဆိုသည်။
■ အမ်းမြို့နယ် ကျောက်ဆင်ကျေးရွာတွင်နေထိုင်သည့် ဒေသခံနှစ်ဦးမှာ မိုင်းပေါက်ကွဲမှု အသက် (၂၃) နှစ်အရွယ် ကိုလင်းမောင်မှာ ယာဖက်ခြေထောက်ပြတ်ထွက်သွားပြီး အသက် (၂၈) နှစ်အရွယ် ကိုစိုးနိုင်မှာ မျက်လုံးတစ်ဖက် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
■ သံတွဲခရိုင်ဆေးရုံတွင် လိုအပ်သည့် အောက်စီဂျင်အား အလွယ်တစ်ကူ ရရှိနိုင်ရန်အတွက် အောက်စီဂျင်ထုတ် စက်ရုံကိုတည်ဆောက်ရန် စတင်ကြိုးပမ်းလျက်ရှိနေပြီး အလှူရှင်များ လိုအပ်လျက် ရှိနေသေးကြောင်း သံတွဲမြို့နယ်၊ သိမ်ကုန်းကျောင်းဆရာတော် ဦးတေဇိန္ဒမှ ပြောကြားခဲ့သည်။
■ ရခိုင်ပြည်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လအတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၀၆ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ ၇၅ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူပေါင်း ၁၃၆ ဦးရှိခဲ့ကြောင်း  ပြည်နယ်ယာဉ်ထိန်းရဲရုံးမှ သိရသည်။
■ မောင်တောနယ်မြို့တွင် ဇူလိုင်လ ၁၀ ရက်နေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၅ ဦးအထိ ရှိလာပြီဖြစ်သော်လည်း ဒေသခံလူထုအနေဖြင့် ကိုဗစ်ကာကွယ်မှုအပိုင်းတွင် အလွန်အားနည်းနေသေးကြောင်း မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ နုကေသီစံက ပြောခဲ့သည်။

ဇူလိုင် ၁၁

■ ကျောက်ဖြူမြို့နယ် စနဲမြို့မှ အသက် ၅၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သွေးတိုးနှင့် ဆီးချိုရောဂါအခံရှိသည့် ကိုဗစ်အတည်ပြုလူနာတစ်ဦး ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သည်။
■ ရမ်းဗြဲမြို့နယ် လေးတောင်မြို့ပြည်သူ့ဆေးရုံတွင် ပြောင်းရွှေ့သွားသည့် ဆရာဝန်အစား နောက်ထပ် ပြန်ခန့်အပ်ခြင်း မရှိသေး၍ ယခု ကူးစက်မြန် ကိုဗစ်ကာလမှာ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆရာဝန်အမြန်လိုအပ်နေကြောင်း ဒေသခံများက တောင်းဆိုနေကြသည်။
■ စစ်တွေမြို့တွင် အောက်စီဂျင်လိုအပ်ချက်များ ရှိလာပါက ဖြည့်ဆည်းနိုင်ရန်အတွက် အောက်စီဂျင်ထုတ် စက်ရုံတစ်ရုံကို တည်ဆောက်ထားပြီး စက်ကိုလည်း မှာယူထားပြီဖြစ်ကြောင်း BMG သောက်ရေသန့် လုပ်ငန်းပိုင်ရှင် ကိုထွန်းထွန်းဦးက ဆိုသည်။
■ သံတွဲမြို့နယ်တွင် ဆေးရုံးအတွင်း အထူးကြပ်မတ်ကုသနေသူ အမျိုးသားတစ်ဦးနှင့် အမောဖောက်ကာ ဆေးရုံလာပြသည့် အမျိုးသမီးတို့မှာ ကိုဗစ်-၁၉ ရောဂါဖြင့် ဇူလိုင်လ ၁၁ ရက်နေ့က သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သံတွဲခရိုင်ဆေးရုံအုပ် ဒေါက်တာ ရဲဝင်းထွန်းက  အတည်ပြုပြောကြားခဲ့သည်။
■ မောင်တောမြို့နယ်၌ ဇူလှိုင်လ ၁၁ ရက်က လူလေးဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရာ ယင်းထဲတွင် မောင်တောခရိုင်ဆေးရုံဝင်းထဲ၌ နေထိုင်သည့် ဆရာဝန်တစ်ဦးပါဝင်ကြောင်း ကျန်းမာရေးဌာန၏ မှတ်တမ်းအချက်အလက်များအရ သိရသည်။
■ မောင်တောမြို့နယ်မြောက်ပိုင်း ခုံတိုင်ကျေးရွာမှ ဒိုင်းနက်လူမျိုးနှစ်ဦးဖြစ်သည့် ဦးနေထွန်း အသက် ၄၈ နှစ်နှင့် ဦးစိန်ညှာ အသက် ၄၆ နှစ်တို့ ၂ ဦးမှာ ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းက မျှစ်ခူးရန်သွားကြစဉ် ပျောက်ဆုံးသွားခဲ့ပြီး ဇူလိုင်လ ၁၁ ရက်နေ့တွင်တော့ မွတ်ဆလင် ၅၀ ဦးခန့်က ကြိုးဖြင့်ချည်နှောင်ရိုက်နှက်ထားသည့် ဒဏ်ရာများဖြင့် ရွာသားများက ရှာဖွေတွေ့ရှိခဲ့သည်။

ဇူလိုင် ၁၂

■ ရခိုင်တွင် ကိုဗစ်ပိုးကူးစက်မှုနှုန်းမြင့်တက်လာနေသဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ယခုဇူလိုင်လ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပိတ်ပင်ရန် ညွှန်ကြားထားသဖြင့် ကုန်ပစ္စည်းများကို ၁၅ ရက်နေ့အမှီ ပြေးဆွဲနေရသည်ဟု ကုန်သည်စက်မှုလက်မှုအသင်းများက ဆိုသည်။
■ စစ်တွေမြို့တွင် လူ့အခွင့်အရေးကမ်ပိန်းပြုလုပ်ခဲ့၍ ငြိမ်းစုစီဥပဒေပုဒ်မ-၁၉(က)ဖြင့် တရားစွဲဆို ခံထားရသည့် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုမင်းဘာချေ(ခ)ကိုသန်းလှအပါအဝင် ကိုနိုင်နိုင်ထွန်း၊ မခိုင်မြတ်သူတို့ လူငယ်သုံးဦးကို ဇူလိုင်လ ၁၂ ရက်က် စစ်တွေမြို့နယ်တရားရုံးမှ ငွေဒဏ် (၂)သောင်းစီ ချမှတ်ခဲ့သည်။
■ COVID-19 တတိယလှိုင်းတွင် ရခိုင်ပြည်အတွင်း ကုန်ပစ္စည်းများမှာ ၃၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်လာကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သည်များထံမှ သိရသည်။
■ မြန်မာတစ်နိုင်ငံလုံးရှိ ပညာရေးရုံးဝန်ထမ်းများကို COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမရှိစေရန် အင်အား ၅၀ ရာခိုင်နှုန်းစီနှင့် နှစ်ပတ်ရုံးတက်၊ နှစ်ပတ်နားစနစ်ဖြင့် ရုံးတက်ရောက်နိုင်ရန် ညွှန်ကြားထားကြောင်း ဇူလိုင်လ ၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၏ ထပ်ဆင့်ညွှန်ကြားစာအရ သိရသည်။
■ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် ပါတီဝင်တစ်ဦးတို့ကို တရားစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅) နှင့် ပတ်သက်ပြီး စွဲချက်တင်သင့်/မတင်သင့်ကို လာမည့် ဇူလိုင် ၂၆ ရက်နေ့ ရုံးချိန်း၌ အမိန့်ချသွားမည်ဖြစ်ကြောင်း သိရသည်။
■ ဘူးသီးတောင်မြို့နယ်၌ ဇူလိုင်လ ၁၂ ရက်နေ့ အထိ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၇၄ ဦးအထိရှိခဲ့ရာ ယင်းအထဲမှ ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၅၀ ဦး ရှိကြောင်း သိရသည်။
■ ကျောက်ဖြူခရိုင်လမ်းတံတားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးအဆင့်ရှိ ဝန်ထမ်းတစ်ဦးနှင့် ကျောက်ဖြူခရိုင် ဒုတိယခရိုင်ရဲမှူးတစ်ဦးတို့သည် ကိုဗစ်ရောဂါပိုးတွေ့ရှိ၍ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ဇူလိုင်လ ၁၂ ရက် နေ့က သေဆုံးသွားခဲ့ကြသည်။
■ ရန်ကုန်-သံတွဲ အဝေးပြေးမော်တော်ယာဉ်ပေါ်တွင် မူးလဲပြီးနောက် သေဆုံးသွားခဲ့သူတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိရသဖြင့် ၎င်းနှင့်အတူ ယာဉ်စီးနင်းလိုက်ပါလာသူ ၃၂ ဦးအား ကိုဗစ် ဆက်လက်စစ်ဆေးခဲ့ရာ၌ ခရီးသည် ၂ ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။

ဇူလိုင် ၁၃

■ ကျောက်တော်မြို့နယ်တွင် ကိုဗစ်ရောဂါပိုးကူးစက်သူများထဲမှ ၈ ဦးကို အောက်ဆီဂျင်ပေးထားရပြီး ကိုဗစ်လူနာထပ်တိုးလာပါက အောက်ဆီဂျင်လိုအပ်မှုရှိလာနိုင်ကြောင်း ကျောက်တော်မြို့နယ် ကျန်းမာရေးဌာနမှ ဒေါက်တာသန်းထွန်းဦးက ပြောသည်။
■ ရခိုင်ပြည်တွင် ဟိုတည်နှင့် ဧည့်ရိပ်သာ ၉၈ လုံးရှိသည့်အနက် လက်ရှိတွင် ကိုဗစ်စည်းမျဉ်း/စည်းကမ်းနှင့် အညီဖွင့်လှစ်ထားသည့် ဟိုတည်နှင့် ဧည့်ရိပ်သာ ၅၅ လုံးရှိကြောင်း ပြည်နယ်ဟိုတည်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
■ ရခိုင်ပြည်အတွင်းက မြို့နယ် ၆ ခုတွင် ကျန်းမာရေးဝန်ထမ်း ၁၅ ဦးထိ Covid-19 ရောဂါပိုး ကူးစက်ခံထားရသည်ဟု ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောခဲ့သည်။

ဇူလိုင် ၁၄

■ ရခိုင်ရှိ ကုန်လမ်း၊ ရေလမ်းနှင့် လေကြောင်းလမ်းများကို ပိတ်ပင်ထားခြင်း မပြုလုပ်ဘဲ စည်းကမ်းချက်များတင်းကျပ်စွာ ချမှတ်လုပ်ဆောင်ထားကြောင်း ပြည်နယ်စစ်ကောင်စီမှ ပြောသည်။
■ မာန်အောင်မြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်နေ့က မာန်အောင်မြို့ထဲမှ အမျိုးသမီးတစ်ဦးနှင့် ခအုန်းမော်ကျေးရွာမှ အမျိုးသမီးတစ်ဦးတို့မှာ အနံ့မရသည့်အတွက် ဆေးရုံလာရောက်ပြသရာမှ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။
■ လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home သတ်မှတ်ထားသည့်မြို့နယ်များမှ ရခိုင်သို့လာရောက်သူများကို Quarantine ထားစောင့်ကြည့်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးလှသိန်းက ဇူလိုင် ၁၄ ရက်က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
■ ရခိုင်ပြည်နယ်၌ လက်ရှိတွင် တိုက်ပွဲများငြိမ်သက်နေသော်လည်း ရသေ့တောင်မြို့နယ်ရှိ ကျေးရာအချို့အနီးတွင် တပ်မတော်သားများ ရှိနေခြင်းကြောင့် ထွန်ယက်မစိုက်ပျိုးနိုင်သည့် လယ်ယာမြေများရှိနေသည်ဟု ကျေးရွာဒေသခံများက ဆိုကြသည်။
■ ရခိုင်ပြည်အတွင်း COVID-19 ကူးစက်ရောဂါ ပြန့်ပွားနေသည့်အတွက် စစ်တွေမြို့ရှိ ကမ်းနားလမ်းနှင့် ပွိုင့်ကမ်းခြေတို့ကို တစ်ပတ်လျှင် စနေ့နေ့နှင့် တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီမှ ည ၁၀ နာရီအချိန်ထိ ပိတ်ထားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။
■ ရခိုင်ပြည်အတွင်း COVID-19 တတိယလှိုင်းတွင် ရောဂါပိုးကူးစက်ခံရသည့်လူနာစုစုပေါင်း ၉၉၆ ဦးအထိရှိလာပြီး ဇူလိုင် ၁၃ ရက်နေ့အထိ သေဆုံးသူ ၁၆ ဦးအထိရှိလာကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဇူလိုင် ၁၄ ရက်နေ့တွင် သိရသည်။
■ မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။
■ ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၅ရက်နေ့အထိ မြန်မာနိုင်ငံရှိ အစိုးရရုံးများကို ယာယီပိတ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
■ တပ်မတော်၏ ဖမ်းဆီးစစ်ဆေးခြင်းကို ခံနေရသည့် တောင်ကုတ်မြို့နယ် မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ကိုအောင်လှိုင်ဝင်းအပါအဝင် ရ ဦးအား တပ်မတော်မှ တောင်ကုတ်မြို့နယ်ရဲစခန်းသို့ ဇူလိုင် ၁၄ ရက်နေ့က လွှဲပြောင်းလိုက်ကြောင်း ကိုအောင်လှိုင်ဝင်း၏ မိသားစုဝင်များထံမှ သိရသည်။

ဇူလိုင် ၁၅

■ မြောက်ဦးမြို့နယ်မှ ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် စင်းဘောကိုင်း စစ်ဘေးရှောင်စခန်း တစ်ခုလုံးကို လူအဝင်အထွက်ကန့်သတ်ပြီး lockdown ချလိုက်ကြောင်း စခန်းတာဝန်ခံ မတန်းဆောင်းဆရာတော်က ပြောသည်။
■ ကိုဗစ်တတိယလိုင်းအတွင်း ရခိုင်ပြည်နယ်တွင် လူသုံးအများဆုံးဖြစ်သည့် ဗီတာမင် C ၊ ဘီတာမင် D 3၊ ဇင့် ၊ paracetamol (ပါရာစီတမော့)၊ အောက်ဆီဂျင်တိုင်းစက် စသည့်ဆေးဝါးများမှာ ပြည်မကုမ္ဗဏီများတွင် ပြတ်လပ်နေသည့်အတွက် မှာယူရာတွင် ကြန့်ကြာနေခြင်း၊ လမ်းခရီးအခက်အခဲများကြောင့် ရခိုင်ပြည်ဈေးကွက်တွင် ပြတ်လပ်နေကြောင်း ဆေးဝါးပစ္စည်းရောင်းချနေသူများထံမှ သိရသည်။
■ တောင်ကုတ်မြို့နယ်မှ ဆီးချိုနှင့် သွေးတိုးရောဂါအခံရှိသည့် သက်ကြီးပိုင်း ကိုဗစ်အတည်ပြုလူနာ အမျိုးသမီး ၂ ဦးမှာ ဇူလိုင်လ ၁၅ ရက်နေ့နံနက်ပိုင်းက သေဆုံးခဲ့သည်။
■ မောင်တောနယ်စပ်ကုန်သွယ်မှုကို ဇူလိုင်လ ၁၅ ရက်နေ့မှစတင်ပြီး ယာယီပိတ်သိမ်းလိုက်သဖြင့် ကုန်သွယ်ရေးစခန်းကို အမှီပြုလုပ်ကိုင်နေကြသည့် အလုပ်သမားမိသားစု ၉၀၀ နီးပါး စားဝတ်နေရေးခက်ခဲလာနိုင်မည်ကို စိုးရိမ်နေကြသည်။
■ မြောက်ဦးမြို့၌ တည်ဆောက်ပြီးစီးလျှက်ရှိသော အောက်ဆီဂျင်စက်ရုံတွင် အောက်ဆီဂျင်ထုတ်စက်များ ရောက်ရှိလာပြီဖြစ်သည့်အတွက် ဇူလိုင် ၁၄ ရက်နေ့ကပင် စတင်တပ်ဆင်နေပြီဖြစ်ပြီဖြစ်ရာ ဝခုလအကုန်တွင် စတင်ထုတ်လုပ်နိုင်မည်ဟု မြောက်ဦးမြို့ နန်းရိပ်ကရုဏာ အောက်ဆီဂျင် အခမဲ့ကူညီရေးအဖွဲ့ထံမှ သိရသည်။
■ မင်းပြားမြို့တွင် တစ်ခြားဒေသများမှ ဝင်ရောက်လာသူများ၊ ပိုးတွေ့လူနာများနှင့်ထိတွေ့ခဲ့သည့် သံသယလူနာများအားထားရှိရန် Quarantine Center (၂)ခုကို ကြိုတင်ပြင်ဆင်ထားကြောင်း မြို့နယ်ကောင်စီဝင်ထံမှ သိရသည်။

ဗီဒီယိုများ