ရခိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးရန် လုံခြုံမှုစိုးရိမ်ရသည့် စာစစ်ဌာန(၂)ခုရှိ

ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးရန် လုံခြုံမှုစိုးရိမ်ရသည့် စာစစ်ဌာန (၂) ခုရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သတ်မှတ်ထားသည်။

By ခင်သရဖီဦး 25 Feb 2019

ခင်သရဖီဦး | DMG
ဖေဖော်ဝါရီ ၂၅၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးရန် လုံခြုံမှုစိုးရိမ်ရသည့် စာစစ်ဌာန (၂) ခုရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သတ်မှတ်ထားသည်။

၎င်းစာစစ်ဌာန ၂ ခုမှာ မြောက်ဦးမြို့နယ် ကျီရာပြင်စာစစ်ဌာနနှင့် ရသေ့တောင်မြို့နယ် ကျောက်တန်းစာစစ်ဌာနတို့ဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့နယ် ကျီရာပြင်စာစစ်ဌာနအား တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်ရသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ စစ်ဆေးချိန်ကာလအတွင်း တိုက်ပွဲဖြစ်ပွားလာပါက ပြောင်းရွှေ့စစ်ဆေးနိုင်ရန် မြန်မာနိုင်ငံစာစစ်ဌာနသို့ တင်ပြထားကြောင်း သိရသည်။

“ကျီရာပြင်မှာက နည်းနည်းစိုးရိမ်ရတဲ့အခြေအနေကြောင့် ကျီရာပြင်စာစစ်ဌာနကို ပြောင်းရွှေ့ဖို့အတွက် တင်ပြထားပါပြီ။ လတ်တလောကတော့ ကျီရာပြင်မှာ ခုံတွေအဆင့်သင့်လုပ်ထားပါပြီး၊ ဒါပေမဲ့ အဲလို အခက် အခဲကြုံလာလိုရှိရင် ပြောင်းလိုရအောင်လို့ အခုလိုစီစဉ်ထားတာပါ ” ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောထွန်းလှက ပြောသည်။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာတွင် ရဲစခန်းမရှိသောကြောင့် မေးခွန်းထားရန် လုံခြုံမှုမရှိသဖြင့် ကျောက်တန်းစာစစ်ဌာနကို ရသေ့တောင် အ.ထ.က(၁) စာစစ်ဌာနနှင့် အ.ထ.က(၂) စာစစ်ဌာနတို့တွင် ပြောင်းရွှေ့စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ကျောက်တန်းမှာ မေးခွန်းထားရမှာက အခက်ခဲရှိတယ်။ အဲဒါကြောင့် ပြောင်းရွှေ့ထားတာဖြစ်ပါတယ် ” ဟု ဦးစောထွန်းလှက ပြောသည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၆ ရက်နေ့တွင် စစ်ဆေးသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်းမှ ကျောင်းသား၊ ကျောင်းသူ ၄၅၂၉၂ ဦးအား စာစစ်ဌာန ၁၂၂ ခုတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

ဗီဒီယိုများ