ကယားပြည်နယ်အတွင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း ညီနောင် မဟာမိတ်သုံးဖွဲ့ထုတ်ပြန်

စစ်ကောင်စီမှ ကယားပြည်နယ်အတွင်း လူအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ရက္ခိုင့်တပ်တော် (AA) အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က  ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

27 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၇

စစ်ကောင်စီမှ ကယားပြည်နယ်အတွင်း လူအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ရက္ခိုင့်တပ်တော် (AA) အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က  ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး၌ စစ်ကောင်စီမှ ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် (၃၅) ဦးကျော်ကို မီးရှို့သတ်ဖြတ်ခဲ့သည့်အပြင် ဖမ်းဆီးစဉ်က ညှိနှိုင်းရန်သွားရောက်ခဲ့သည့် နယ်ခြားစောင့်တပ်ရင်း (၁၀၀၄)မှတပ်ဖွဲ့ဝင်(၄) ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ကြားသိရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

စစ်ကောင်စီ၏ ထိုလုပ်ရပ်များသည် စစ်မြေပြင်၌စောင့်စည်းရမည့် စစ်ဥပဒေ၊ အရပ်သားများကို အကာကွယ်ပေးရမည့် ဥပ‌ဒေများကို မျက်ကွယ်ပြုကာ လူသားမျိုးနွယ်အပေါ်  ရည်ရွယ်ချက်ရှိရှိ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုသည်။

ထိုလုပ်ရပ်များသည် စစ်ကောင်စီမှ မိမိတို့၏ဒေသများ၌ လုပ်လေ့လုပ်ထရှိသော လုပ်ရပ်တစ်ခုသာဖြစ်ပြီး လူသားမျိုးနွယ်စုများအပေါ် ကြီးမားသောပြစ်မှုများကို ကြိမ်ဖန်များစွာ ပြောင်ပြောင်တင်းတင်း ကျိူးလွန်နေခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်မှာပါရှိသည်။

ခရစ္စမတ်အကြိုနေ့တွင် ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် အပြစ်မဲ့ပြည်သူလူထုများ၏ မိသားစုများ နှင့်ထပ်တူ ဝမ်းနည်းကြေကွဲရသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုသည်။

စစ်ကောင်စီ၏ ယခုကဲ့သို့ ရက်စက်သည့်လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချသည့်အပြင် ကမ္ဘာ့နိုင်ငံကြီးများအနေဖြင့်လည်း စစ်ကောင်စီကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇတ်ဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကို အမြန်ဆုံးထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သင့်သည်ဟု ရက္ခိုင့်တပ်တော်(AA)၊ ကိုးကန့်တပ်တော်(MNDAA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA) တို့က တိုက်တွန်းထားသည်။

ဗီဒီယိုများ