ရခိုင်တွင် ဆန္ဒပြကျောင်းသားသုံးဦးအား ဘေး/စီမံဥပဒေဖြင့် အမှုဖွင့် ချုပ်ရမန်ယူထားသည့်အပေါ် ရှေ့နေအဖွဲ့ အစည်းများက ကန့်ကွက်ရှုတ်ချ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ခဲ့သည့်ကျောင်းသားသုံးဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်ချုပ်ရမန်ယူထားသည့်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ရခိုင်မှ ရှေ့နေအဖွဲ့အစည်း ၄ ဖွဲ့က စက်တင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်သည်။

By အောင်ထိန် 14 Sep 2020


အောင်ထိန် | DMG
စက်တင်ဘာ ၁၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ခဲ့သည့်ကျောင်းသားသုံးဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်ချုပ်ရမန်ယူထားသည့်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ရခိုင်မှ ရှေ့နေအဖွဲ့အစည်း ၄ ဖွဲ့က စက်တင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်လိုက်သည်။

ယင်းသို့ အမှုဖွင့်ခံထားရသည့်ကျောင်းသားသုံးဦးအား ဖြစ်ရပ်မှန်နှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် တရား မျှတရေးတို့ကိုရှေးရှုကာ သက်ဆိုင်သည့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့်သာ အမှုဖွင့်အရေးယူသင့်ကြောင်း ရှေ့နေအဖွဲ့အစည်းများက ထောက်ပြကြသည်။

“မျှတတဲ့ တရားစီရင်ရေး အခွင့်အရေးမူတွေအရရော၊ လူ့အခွင့်အရေးအရပါ ပြုလုပ်တဲ့လုပ်ဆောင်ချက်နဲ့ သက်ဆိုင်တဲ့ ဥပဒေနဲ့သာ စွဲဆိုတင်ပို့ဖို့လိုပါတယ်။ ဒါမှာသာ စွဲဆိုခံရသူများအဖို့လည်း မျှတတဲ့တရားစီရင်ရေး အခွင့်အရေးတွေဖြစ်တဲ့ အာမခံအချုပ်လွတ်ထုချေခွင့်တွေအပါအဝင် တရားမျှတမှုကို ပိုပြီးရရှိစေမှာ ဖြစ်ပါတယ်” ဟု ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)မှ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီကဆိုသည်။

လက်ရှိ ကျောင်းသားသုံးဦးကို စွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅ မှာ မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစ်စုံ တစ်ရာ ကျရောက်နိုင်သည်ကိုသိလျက်နဲ့ တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် (သို့မဟုတ်) ဖြစ်ပေါ်စေရန်အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ကျောင်းသားသုံးဦး၏ ပြုလုပ်ခြင်းသည် ယင်းဥပဒေအင်္ဂါရပ်များနှင့် တစ်စုံတစ်ရာ အကျုံးဝင်ပတ်သက်မှုမရှိကြောင်း အထင်အရှား ပေါ်ပေါက်နေသည်ဟု ရှေ့နေအဖွဲ့အစည်းများ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

“အရေးယူအမှုဖွင့်မယ်ဆိုရင်လည်း သူတို့က ကြိုတင်အသိပေးခြင်းမရှိဘဲ ဆန္ဒထုတ်ဖော်တဲ့အတွက်ကြောင့် ငြိမ်းစုစီနဲ့ပဲ အရေးယူအမှုဖွင့်လို့ ရနိုင်မှာပဲလို့ ကျွန်တော်တို့ကမြင်တယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ကတော့ ရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်ချက်တွေနဲ့ လွဲနေတယ်” ဟု ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ အထက်တန်းရှေ့နေ ဦးဇော်ဇော်မင်းက ပြောသည်။

လက်ရှိ ဘေး/စီမံဥပဒေနှင့် ချုပ်နှောင်ခံထားရသည့် ကျောင်းသားသုံးဦးမှာ စစ်တွေကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်၊ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးနှင့် စစ်တွေ ကွန်ပျူတာတက္ကသိုလ်မှ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်တို့ဖြစ်ကြသည်။

၎င်းတို့သုံးဦးသည် ရခိုင်ပြည်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ စက်တင်ဘာလ ၉ ရက် နေ့က ရခိုင်ပြည်နယ်အစိုးအဖွဲ့ရုံးရှေ့၌ဆန္ဒဖော်ထုတ်ခဲ့စဉ် ဖမ်းဆီးခံရပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅ ဖြင့် ချုပ်နှောင်ခံထားရသည်။

ယင်းသို့ ရခိုင်ကျောင်းသားများ၏တောင်းဆိုချက်များကို ရန်ကုန်အပါအဝင် အခြားနေရာများရှိ ကျောင်းသား များကလည်း Campaign များပြုလုပ်ပြီး တောင်းဆိုခဲ့ကြသည်။

စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကိုကန့်ကွက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂမှဦးဆောင်၍ မန္တလေးတွင် ကျောင်းသား ၁၀ ဦးကျော်မှ ဆန္ဒဖော်ထုတ် ခဲ့ကြသည်။

မန္တလေးတွင်ဆန္ဒဖော်ထုတ်ခဲ့သည့်ကျောင်းသားများအပါအဝင် Campaign ပြုလုပ်ခဲ့သည့် ကျောင်းသား ၁၅ ဦး ထက်မနည်းမှာ ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခံထားရသည်။

လက်ရှိ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသားသုံးဦးအား ပြန်လွှတ် ပေးရန်လည်း ကျောင်းသားသမဂ္ဂအသီးသီးမှ ကြေငြာချက်ထုတ်ပြန်တောင်းဆိုထားကြသည်။

ဗီဒီယိုများ