လူ့အခွင့်ရေးကမ်ပိန်းပြုလုပ်၍ တရားစွဲဆိုခံထားရသည့် လူငယ်သုံးဦးအမှုကို ပယ်ဖျက်ပေးရန် တင်ပြသွားမည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လူ့အခွင့်အရေးကမ်ပိန်းပြုလုပ်မှုနှင့်ပတ်သက်၍ တရားစွဲဆိုခံရသည့်အမှုအား ပယ်ဖျက်ပေးရန်အတွက် ပြည်နယ်တရားလွှတ်တော်ထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း တရားစွဲဆိုခံထားရသည့် လူငယ်သုံးဦးက ပြောသည်။

By အောင်ထိန် 14 Jan 2021

အောင်ထိန် | DMG
ဇန်နဝါရီ ၁၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လူ့အခွင့်အရေးကမ်ပိန်းပြုလုပ်မှုနှင့်ပတ်သက်၍ တရားစွဲဆိုခံရသည့်အမှုအား ပယ်ဖျက်ပေးရန်အတွက် ပြည်နယ်တရားလွှတ်တော်ထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း တရားစွဲဆိုခံထားရသည့် လူငယ်သုံးဦးက ပြောသည်။

ငြိမ်းစုစီဥပဒေပုဒ်မ-၁၉(က)ဖြင့် တရားစွဲခံထားရသည့် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုမင်းဘာချေ(ခ) ကိုသန်းလှအပါအဝင် ကိုနိုင်နိုင်ထွန်း၊ မခိုင်မြတ်သူတို့ကို ဇန်နဝါရီ ၁၄ ရက်တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး အမှုနှင့်ပတ်သက်၍ (CMP)အစည်းအဝေးအပြီးသတ်ပြုလုပ်ခဲ့ကာ အမှုအား(၆)လအတွင်း အမိန့်ချ သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ဆန္ဒပြတောင်းဆိုခြင်းမဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ကို ကြိုဆိုသည့် အထိမ်း အမှတ်ပြုလုပ်ခြင်းသာဖြစ်၍ ငြိမ်းစုစီပုဒ်မ မမြောက်သောကြောင့် အမှုကိုပယ်ဖျက်ပေးရန် မြို့နယ်တရားရုံး၌ တောင်းဆိုခဲ့ကြောင်း တရားစွဲခံထားရသူ ကိုမင်းဘာချေ(ခ)ကိုသန်းလှက ပြောသည်။

“ကျွန်တော်တို့က ငြိမ်းစုစီကို ငြိစွန်းတာမဟုတ်ဘူး။ လူ့အခွင့်အရေးကို ကြိုဆိုတဲ့အထိမ်းအမှတ်ပွဲဖြစ်တယ်။ အဲဒါကြောင့် အဲဒီပြစ်မှုနဲ့ ကျွန်တော်တို့က ဘာမှမသက်ဆိုင်ဘူး။ ဒါကြောင့် ဒီကိစ္စကိုပယ်ဖျက်ပေးဖို့အတွက် ခွင့်ပြုလို့ရတယ်ပေါ့။ ခွင့်ပြုလို့ရတယ်ဆိုတဲ့မျှော်လင့်ချက် နောက်ပြီးတော့ မှန်ကန်တဲ့တရားဥပဒေစိုးမိုးမှုဖြစ်ဖို့ တရားရုံးတော်က ပယ်ဖျက်ပေးလိမ့်မယ်လို့ မျှော်လင့်ချက်ရှိတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါအမှုအား ပယ်ဖျက်ပေးရန်တောင်းဆိုချက်ကို မြို့နယ်တရားရုံးမှ လုပ်ပိုင်ခွင့်မရှိသဖြင့် ပြည်နယ်တရားလွှတ်တော်၏ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပြီး လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်တရားသူကြီး၏ ပြောကြားချက်ကို ကိုသန်းလှက ပြန်ပြောပြသည်။

ယင်းကြောင့် လာမည့်ဇန်နဝါရီလ ၂၂ ရက်နေ့ရုံးချိန်းမှာ တရားလိုဖက်မှ ထွက်ဆိုချက်အပေါ်တွင်မူတည်ပြီး ပြည်နယ်တရားလွှတ်တော်ထံ တင်ပြသွားမည်ဖြစ်သည်ဟု မြို့နယ်တရားသူကြီးမှ ပြောကြောင်းလည်း သိရသည်။

“ဒီအမှုမှာ ကျွန်တော်တို့ကို တရားရုံးတော်အနေနဲ့ ပယ်ဖျက်ပေးဖို့လိုတယ်။ အဲလိုမျိုးလုပ်မှသာလျှင် ရခိုင်ပြည်နယ်ရဲ့ လက်ရှိတရားဥပဒေစိုးမိုးရေးသည် ပိုပြီးတော့အားကောင်းမယ်ပေါ့။ အများပြည်သူလက်ခံတဲ့ အများပြည်သူကြိုဆိုတဲ့ တရားဥပဒေစိုးမိုးမှု ဖြစ်ပေါ်လာမယ်ဆိုတာကိုလည်း ကျွန်တော်တို့ မျှော်လင့်တယ်” ဟု ကိုသန်းလှက ပြောသည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအား ဆန့်ကျင်ရှုတ်ချကြောင်း စစ်တွေမြို့တွင် လူငယ် ၃၀ ကျော်က ကမ်ပိန်း ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ကမ်ပိန်းပြုလုပ်ရာတွင် စစ်တွေမြို့ BXT ဆိပ်ကမ်းမှ ရှုခင်းသာလမ်းတစ်လျှောက် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီးသွားရောက်ခဲ့ကြရာ စစ်တွေဟိုတယ်အနီးအရောက်တွင် ရဲတပ်ဖွဲ့ကလာရောက်ပြီး ကမ်းပိန်းပြုလုပ်ရာတွင်ပါဝင်သည့် လူငယ်သုံးဦးကိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုမင်းဘာချေ(ခ)ကိုသန်းလှအပါအဝင် ကိုနိုင်နိုင်ထွန်း၊ မခိုင်မြတ်သူတို့ကို ဒီဇင်ဘာ ၂၁ ရက်တွင် စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ကာ ငြိမ်းစုစီပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ