ရွေးကောက်ပွဲနေ့တွင် လူဦးရေအကန့်အသတ်မရှိ စုဝေးခွင့်ကို ကျန်းမာရေး ဝန်ကြီးဌာနမှ ခွင့်ပြု

၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် Stay at Home သတ်မှတ်ထားသည့် မဲဆန္ဒနယ်မြေအတွင်းရှိ ပြည်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးရမည့် နေရာများသို့ ဆန္ဒမဲပေးရန် သွားရောက်ခြင်း၊ ရွေးကောက်ပွဲနေ့၌ မဲရုံများသို့ ဆန္ဒမဲပေးရန် သွားရောက်ခြင်းများအတွက် ခြွင်းချက်ဖြင့် သွားလာခွင့်ပြုလိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

By မင်းထွန်း 26 Oct 2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပါတီ၏ မဲဆွယ်စည်းရုံးရေးတွင် ဝန်းရံပေးကြသူများအား တွေ့ရစဉ်။

မင်းထွန်း | DMG
အောက်တိုဘာ ၂၆ ၊ စစ်တွေ

၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် Stay at Home သတ်မှတ်ထားသည့် မဲဆန္ဒနယ်မြေအတွင်းရှိ ပြည်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးရမည့် နေရာများသို့ ဆန္ဒမဲပေးရန် သွားရောက်ခြင်း၊ ရွေးကောက်ပွဲနေ့၌ မဲရုံများသို့ ဆန္ဒမဲပေးရန် သွားရောက်ခြင်းများအတွက် ခြွင်းချက်ဖြင့် သွားလာခွင့်ပြုလိုက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

မဲရုံများတွင် ရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းထုတ်ပြန်ထားသော စည်းမျဉ်း၊စည်းကမ်းများနှင့်ကိုက်ညီစွာ ဆောင်ရွက်နိုင်ရန် လူ ၃၀ ဦးထက်ပို၍ စုဝေးခြင်းကို ခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာထားသည်။

“ထုတ်ပြန်ချက်ကတော့ ထုတ်ပြန်ချက်ပါပဲ။ ဥပမာ ပြည်မမှာဆိုရင်လည်း မဲဆွယ်စည်းရုံးမှုတွေ မြင်နေရတာပဲ။ လူထုကလည်း ပါတီတွေအပေါ်မှာ အားကိုးယုံကြည်ပြီး အားပေးတာကိုလည်း အများကြီးတွေ့ရတယ်။ ကိုဗစ်စည်းကမ်းကို လိုက်နာတာ မလိုက်နာတာတွေကိုလည်း တွေ့ရတယ်ဆိုတော့ လက်ရှိမြေပြင် အခြေ အနေနဲ့ ထုတ်ပြန်ချက်နဲ့ တလွဲဖြစ်နေတာကိုမြင်ရတယ်”ဟု ရခိုင်ပြည်ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာရေးအဖွဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးခိုင်ကောင်းစံကဆိုသည်။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လူ ၃၀ ဦးဖြစ်စေ၊ လူ ၃၀ ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်းမပြုရန် သြဂုတ်လ ၁၂ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော်လည်း ယခုအခါ ရွေးကောက်ပွဲကျင်းပနိုင်ရန် ဖြေလျှော့ပေးလိုက်ခြင်းဖြစ်သည်။ သို့ဖြစ်၍ လူ ၃၀ ဦးထက်ပို၍ စုဝေးခြင်းကို ခွင့်ပြုခြင်းသည် ကိုဗစ်ကာလတွင် ပြည်သူလူထုအတွက် စိုးရိမ်စရာဖြစ်ကြောင်း ရခိုင်လူသားချင်း စာနာထောက်ထားညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (AHCT) အဖွဲ့ဝင် ဦးဇော်ဇော်ထွန်းက ဆိုသည်။

“ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် စိုးရိမ်စရာတွေ ဖြစ်တာပေါ့။ လက်တွေ့မှာ ကိုဗစ်ကာလမှာ လိုက်နာရမယ့် စည်းကမ်းတွေကို ပါတီတိုင်းလိုလို ချိုးဖောက်ပြီး မဲဆွယ်စည်းရုံးလုပ်နေကြတာပဲ။ ဒီအပေါ်မှာ အရေးယူဆောင်ရွက်မှုတွေက အရမ်းကိုအားနည်းတယ်။ ဒါက စိုးရိမ်စရာဖြစ်တာပေါ့၊ နိုင်ငံတော်အစိုးရအနေနဲ့ ရွေးကောက်ပွဲကို အလေးအနက်ထားတော့ မလုပ်မဖြစ် လုပ်ဖို့လိုတယ်ဆိုတဲ့ စဉ်းစားမှုတွေရှိမှာပေါ့၊ ဆိုတော့ ပြည်သူလူထုဖက်က ကြည့်မယ်ဆိုရင် ပြည်သူတွေက ကျန်းမာရေးကို အဓိက အလေးထားသလား၊ နိုင်ငံရေးအရ ရွေးကောက်ပွဲကာလက အရေးကြီးတယ်လို့ ယူဆသလား သူတို့ရဲ့ အယူအဆပေါ်မှာ ရပ်တည်ကြမှာပဲ” ဟု ၎င်းက ဆက်၍ ပြောသည်။

ထို့ကြောင့် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံဝန်ထမ်းများ၊လုံခြုံရေးဝန်ထမ်းများကို လုံလောက်စွာ ထားရှိရန်လိုအပ်ကြောင်းနှင့် လူစုလူဝေးများဖြစ်ပေါ်လာလျှင်လည်း ကိုဗစ်စည်းကမ်းနှင့်အညီ စနစ်တကျ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ဦးဇော်ဇော်ထွန်းက တိုက်တွန်းသည်။

စစ်တွေမြို့မှ မြို့မိ/မြို့ဖ အဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်ကတော့ “ ရောဂါမကူးစက်ရအောင် တစ်ယောက်ချင်းစီ မဲထည့်နိုင်အောင် လုပ်ပေးမယ်ဆိုရင် မဲသွားထည့်မယ်။ တစ်ယောက်ချင်းစီ ၆ ပေ အကွာနဲ့ မဲထည့်ရမယ်ဆိုရင်လည်း အဲဒီနေ့တစ်ရက်တည်းနဲ့ မပြီးနိုင်ဘူး။ အဲဒီနေ့မှာ ရောဂါမကူးစက်ရအောင် လုပ်ပေးမယ်ဆိုရင်တော့ မဲသွားပေးမယ်။ အဲလိုမလုပ်ပေးရင်တော့ မဲသွားမပေးတော့ဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် အောက်တိုဘာ ၂၅ ရက် ညနေ ၈ နာရီအချိန်ထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းအရ ကိုဗစ် - ၁၉ ပိုးတွေ့လူနာ (၄၄၇၇၄) ဦး၊ ဆေးရုံဆင်းခွင့် ရရှိသူ ( ၂၄၉၂၀)ဦး နှင့် သေဆုံးသူ (၁၀၉၅ ) ဦး ရှိကြောင်းသိရသည်။

ဗီဒီယိုများ