COVID-19 ရောဂါဖြစ်ပွားမှု ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်း ရခိုင်တွင် သေဆုံးသူ ၃၇ ဦးရှိခဲ့ပြီး ယခုတတိယလှိုင်း အစတွင်ပင် သေဆုံးသူ ၃၁ ဦးအထိရှိလာနေ

COVID-19 ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်းတွင် ရခိုင်ပြည်နယ်၌ သေဆုံးသူ ၃၇ ဦးရှိခဲ့ပြီး ယခုတတိယလှိုင်း အစမှာပင် သေဆုံးသူဦးရေမှာ ဇူလိုင်လ ၁၆ ရက်နေ့အထိ ၃၁ ဦးရှိလာနေပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောသည်။

17 Jul 2021

Photo - Rakhine Covid19 Watch

DMG ၊ ဇူလိုင် ၁၇

COVID-19 ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်းတွင် ရခိုင်ပြည်နယ်၌ သေဆုံးသူ ၃၇ ဦးရှိခဲ့ပြီး ယခုတတိယလှိုင်း အစမှာပင် သေဆုံးသူဦးရေမှာ ဇူလိုင်လ ၁၆ ရက်နေ့အထိ ၃၁ ဦးရှိလာနေပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောသည်။

ယခုတတိယလှိုင်းတွင် ရောဂါပိုးမှာ ကူးစက်မှုမြန်ဆန်သည့်သဘောတွင်ရှိနေပြီး အောက်စီဂျင်လိုအပ်မှုများလည်း ရှိနေသည့်အတွက် ယခုကဲ့သို့ သေဆုံးနှုန်းမြင့်လာခြင်းဖြစ်နိုင်ကြောင်း ၎င်းကသုံးသပ်သည်။

“ရောဂါအခံရှိတဲ့သူတွေရယ်၊ ပြီးတော့ ပိုးကလည်းနည်းနည်းကူးစက်မြန်တဲ့သဘောရှိနေတယ်။ အဓိက အောက်ဆီဂျင် လိုအပ်မှုတွေလည်းရှိတယ်။ အများအားဖြင့် ဆုံးတဲ့လူတွေမှာက ရောဂါအခံလေးတွေလည်း ရှိနေကြပါတယ်” ဟု ဒေါက်တာ စိုးဝင်းပိုင်ကဆိုသည်။

ယခုကဲ့သို့ သေဆုံးသူများပြားလာရခြင်းမှာ ရောဂါပိုးကူးစက်မှုမြန်ဆန်လာခြင်း၊ တာဝန်ရှိသူများမှ ကြိုတင်ကာကွယ်မှု အားနည်းခြင်း၊ ပြည်သူများအနေဖြင့်လည်း စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုအားနည်းခြင်းနှင့် ကုသမှုပိုင်းဆိုင်ရာတွင် အားနည်းချက်များရှိနေခြင်းတို့ကြောင့်ဖြစ်ကြောင်း ရခိုင်ရှေ့ဆောင် အမျိုးသမီးများကွန်ယက် ဥက္ကဋ္ဌ စောစံငြိမ်းသူက ထောက်ပြသည်။

“အစိုးရပိုင်းတွေကလည်း ကာကွယ်စောင့်ရှောက်မှုအပိုင်းမှာ အားနည်းချက်တွေအများကြီးရှိတယ်။ ဆေးရုံကြီးမှာ ဆေးဝါး မလုံလောက်မှုတွေကြောင့် ကျွန်မတို့ဆီကို အကူညီတောင်းတာမျိုးတွေလည်းရှိတယ်။ အခြား COVID ကာကွယ်ရေးဆိုင်ရာ ပစ္စည်းပစ္စယတွေကို အကူညီတောင်းတာမျိုးတွေလည်းရှိတယ်။ ဒီတော့ ပြည်နယ်အစိုးရပိုင်းက ဒီကိစ္စတွေကို သေသေ ချာချာစီမံဖို့လိုတယ်။ ထုတ်မသုံးပဲ ဂိုဒေါင်ထဲမှာ ပိတ်ထားတာတွေကို ထုတ်သုံးဖို့လိုပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ရခိုင်၌ ဆရာဝန်နှင့် သူနာပြုများအားနည်းမှုရှိနေသည့်အတွက် COVID-19 ရောဂါကာကွယ်ရေးအတွက် အစိုးရမှ ကာကွယ်ရေးလုပ်ငန်းများလုပ်ဆောင်နေသော်လည်း လက်တွေ့တကျ ထိရောက်မှုရှိမည့်အရေးမှာ အလှမ်းဝေးနေ သေးကြောင်းလည်း ဝေဖန်သုံးသပ်မှုများရှိနေသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါကြောင့် သေဆုံးသူဦးရေတိုးလာနေသည့်အတွက် စိုးရိမ်စရာ အခြေအနေ တစ်ခုအဖြစ်မြင်မိကြောင်းနှင့် ပြည်သူများစည်းလုံးညီညွတ်မှုဖြင့် COVID-19 ရောဂါကို ပြန်လည်ခုခံရမည်ဖြစ်ကြောင်း စောစံငြိမ်းသူက ပြောသည်။

“ဖြစ်နိုင်ရင် နှစ်ပတ်လောက်အိမ်ထဲမှာနေကြမယ်။ ပြီးတော့ အဲ့ဒီအချိန်မှာ ရပ်ကွက်ထဲက ငွေရှိတဲ့လူတွေက အခြေအနေ ဆိုးတဲ့ မရှိတဲ့သူတွေကို ထောက်ပံ့တာမျိုးတွေကို စည်းစည်းရုံးရုံးနဲ့ လုပ်သင့်တယ်လို့မြင်ပါတယ်။ နောက်ပြီး အခုအချိန်က ကိုယ်ကျိုးရှာရမယ့် အချိန်မဟုတ်တော့ပါဘူး။ ဒီအတိုင်းသွားနေရင်တော့ ဒီရောဂါကလည်း တာရှည်နိုင်သလို မသေသင့်တဲ့ သူတွေလည်း သေကြရအုံးမှာပါ” ဟု ၎င်း၏အမြင်သဘောထားကို ပြောသည်။

ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပွားနေသော COVID -19 ရောဂါကို ဂရုစိုက်ကြရန်၊ WHO နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကိုလိုက်နာရန်နှင့် ထုတ်ပြန်ထားသော ဒေသန္တရအမိန့်များကို တသွေမတိမ်း လိုက်နာကြရန်လိုအပ်ကြောင်း သတိပေးစာကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ဇူလိုင်လ ၅ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင်လ ၁၆ ရက်နေ့အထိ COVID-19 ရောဂါပိုးကူးစက်ခံရသူ ၁၂၅၅ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၃၁၃ ဦးနှင့် သေဆုံးသူ ၃၁ ဦးအထိရှိနေပြီဖြစ်သည်။

ဗီဒီယိုများ