ဖမ်းဆီးခံ NLD ပါတီဝင်သုံးဦးနှင့် ရက်ပေါင်း ၄၀ ကျော်ကြာသည့်တိုင် အဆက်အသွယ်မရ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်သုံးဦးကို ရခိုင်လက်နက်ကိုင် အဖွဲ့(AA)မှ ဖမ်းဆီးထားခြင်းမှာ ရက်ပေါင်း ၄၇ ရက်ရှိလာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

By မင်းထွန်း 01 Dec 2020

မင်းထွန်း | DMG
ဒီဇင်ဘာ ၁ ၊ တောင်ကုတ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်သုံးဦးကို ရခိုင်လက်နက်ကိုင် အဖွဲ့(AA)မှ ဖမ်းဆီးထားခြင်းမှာ ရက်ပေါင်း ၄၇ ရက်ရှိလာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ အဆက်အသွယ် မရသေးကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

NLD ပါတီဝင်များဖြစ်ကြသည့် ဒေါ်နီနီမေမြင့်၊ ဦးမင်းအောင်နှင့် ဒေါ်ချစ်ချစ်ချောတို့ သုံးဦးသည် အောက်တိုဘာ ၁၄ ရက်က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာသို့ ရွေးကောက်ပွဲစည်းရုံးရေးခရီး သွားရောက်စဉ် AA ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

“ဘာမှ သတင်းမရပါဘူးခင်ဗျာ။ သူတို့ (AA)က ဖမ်းဆီးထားတော့ သတင်းဘာမှမရတော့ဘူး။ မိသားစုကလည်း ကျွန်တော်တို့ကို သတင်းဘာမှ ပေးတာမရှိတော့ဘူး” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

လက်ရှိအချိန်တွင် ပါတီဝင်များကို ခြွင်းချက်မရှိပြန်လွှတ်ပေးရန် AA အား ထုတ်ပြန်ချက်နှစ်စောင်ထုတ်ပြီး တောင်းဆိုမှုသာ လုပ်ဆောင်နိုင်ခဲ့သည်ဟု ၎င်းကပြောသည်။

AA ကို အကြမ်းဖက်အဖွဲ့အစည်းဟု ကြေငြာထားသည့်အတွက် နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် NLD ပါတီ အနေဖြင့် ဆက်သွယ်ရန် အဆင်မပြေကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။

ဖမ်းဆီးခံရသည့် ဒေါ်နီနီမေမြင့်၏အဒေါ်ဖြစ်သူ ဒေါ်မြရီက “သူတို့ (AA) လက်ထဲမှာ ကောင်းကောင်းမွန်မွန် ထားတယ်ဆိုရင်တော့ သူတို့ကိုကျေးဇူးတင်ပါတယ်။ မသေဘဲနဲ့ပြန်ရောက်ရင် ကျေနပ်ပါပြီ။ နောက်ဘာမှ မလိုချင်ဘူး၊ ကိုယ့်သမီးလေး ကျန်းကျန်းမာမာနဲ့ ပြန်ရောက်စေချင်တာပဲရှိတယ်။ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု သူကပြောသည်။

ဖမ်းဆီးထားသည့် NLD ပါတီဝင်သုံးဦးကို နှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း နှစ်ဦး နှစ်ဘက်ညှိနှိုင်းမှုအဆင်ပြေကာ အပြန်အလှန်နားနည်မှုရရှိသောအခြေအနေတွင် အမြန်ဆုံးပြန်လွှတ် ပေးမည်ဖြစ်ကြောင်း AA က နိုဝင်ဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် စွပ်စွဲချက်များဖြင့် ဖမ်းဆီးအကျဉ်းချခံနေရသော ရခိုင်ပြည်သူများနှင့် ရခိုင်နိုင်ငံရေးသမားများ အပါအဝင် မတရားဖမ်းဆီးခံထားရသော ULA အဖွဲ့ဝင်များ၏ ဆွေမျိုးရင်းချာများနှင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရသည့် ကျောင်းသားများအား လူသားချင်းစာနာစိတ်ဖြင့် အမြန်ဆုံးပြန်လွှတ် ပေးရန် AA က တောင်းဆိုထားသည်။

ဗီဒီယိုများ