AA ကဖမ်းဆီးထားသည့် လွှတ်တော်ကိုယ်စားလှယ်၃ဦးအား အထူးချီးမွှမ်းဂုဏ်ပြု၊ ၎င်းတို့အား အမြန်ဆုံး ပြန်လွှတ်ပေးရန် NLD တောင်းဆို

၂၀၂၀ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရက္ခိုင့်တပ်တော်(AA) က ဖမ်းဆီးထားသည့် လွတ်တော်ကိုယ်စားလှယ် ၃ဦးအား အန္တရာယ်ကြားထဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အတွက် အထူးချီးမွှမ်းဂုဏ်ပြုကြောင်းနှင့် ၎င်းတို့ ၃ဦးအား အမြန်ဆုံး ပြန်လည် လွှတ်ပေးရန်အတွက် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တောင်းဆိုလိုက်သည်။

19 Nov 2020

ခင်သရဖီဦး | DMG
နိုဝင်ဘာ ၁၉ ၊ စစ်တွေ

၂၀၂၀ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရက္ခိုင့်တပ်တော်(AA) က ဖမ်းဆီးထားသည့် လွတ်တော်ကိုယ်စားလှယ် ၃ဦးအား အန္တရာယ်ကြားထဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အတွက် အထူးချီးမွှမ်းဂုဏ်ပြုကြောင်းနှင့် ၎င်းတို့ ၃ဦးအား အမြန်ဆုံး ပြန်လည် လွှတ်ပေးရန်အတွက် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တောင်းဆိုလိုက်သည်။

တောင်ကုတ်မြို့နယ်တွင် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့သည် တောင်ကုတ်မြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေးဆင်းနေစဉ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် AA မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

ပါတီစည်းရုံးရေးလုပ်ရာတွင် အထူးအခက်အခဲများကို ကြုံတွေ့ခဲ့ရသော ကိုယ်စားလှယ်လောင်းများနှင့် အောင်နိုင်ရေးကော်မတီများအားလုံး၏ တာဝန်သိစိတ်နှင့် ရဲစွမ်းသတ္တိကို အလေးထားဂုဏ်ပြုပြီး အန္တာရာယ် များကြားထဲကရခိုင်ပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးမင်းအောင်၊ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချောတို့ကို အထူးချီးမွမ်းဂုဏ်ပြုကြောင်း NLD ပါတီ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းအပြင် ရွေးကောက်ပွဲစည်းရုံးရေးကာလအတွင်း ကိုယ်စားလှယ်လောင်းများအား အန္တာရာယ်ပြုခြင်းသည် ဒီမိုကရေစီ၏ ရေသောက်မြစ်ကိုလည်း ထိခိုက်စေပြီး တခြားနိုင်ငံရေးပါတီများကဲ့သို့ မဲဆွယ်စည်းရုံးခွင့်ကို ဆုံးရှုံးသွားစေသည့်အတွက် ယှဉ်ပြိုင်နိုင်စွမ်းကို ကျဆုံးသွားကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဆိုသည်။

၎င်းအပြင် အမျိုးသားမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ယခင်အနိုင်ရရှိခဲ့သည့် ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့နယ်အချို့တွင် ရှုံးနိမ့်ရခြင်းမှာလည်း ပါတီဝင်အချို့အား ဖမ်းဆီးခြိမ်းခြောက်ခြင်းများကြောင့်ဖြစ်သည်ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

“အဓိကတော့ ကျနော်တို့ကိုယ်စားလှယ် ၃ဦးဖမ်းဆီးခံထားရတယ်။ နောက်ပါတီဝင် ၇ဦးကို ပါတီလုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် သတိပေးခြိမ်းခြောက်ခံထားရတယ်။ အဲဒီတော့ ကျနော်တို့ တခြားနိုင်ငံရေးပါတီများနည်းတူ မဲဆွယ်စည်းရုံးရေး မလုပ်နိုင်ဘူး။ မဲဆန္ဒရှင်တွေမှာလည်း လက်နက်ကိုင် အင်းအားစုတစ်ခုရဲ့ မလိုလားမနှစ်သက်တဲ့ ပါတီသဘောမျိုး သက်ရောက်သွားတဲ့အတွက် သူတို့ရဲ့လွှတ်လပ်တဲ့ မဲဆန္ဒပေးမှု ထိခိုက်သွားတာဖြစ်တယ်။ အခု ကိုယ်စားလှယ်လောင်း ၃ဦး ဖမ်းဆီးခံရခြင်းအပါအဝင် လက်နက်ကိုင် အင်းအားစုများရဲ့ ရွေးကောက်ပွဲအပေါ် လွှမ်းမိုးသက်ရောက်မှုဟာ ကျနော်တို့ရဲ့ အဖွဲ့ချုပ် ရှုံးနိမ့်မှုအတွက် အရေးပါတဲ့ အကြောင်းတစ်ခုဖြစ်တယ်လို့လည်း ကျနော်တို့က ပြောချင်ပါတယ်” ဟု ၎င်းကပြောသည်။

NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ၂၀၂၀ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော တိုင်းရင်းသားနိုင်ငံရေး ပါတီများကိုလည်း ဂုဏ်ပြုပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဖိတ်ခေါ်ကြောင်း ဖော်ပြထားသည်။

NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းသုံးဦးသည် အောက်တိုဘာလ ၁၄ ရက်နေ့က တောင်ကုတ်မြို့နယ် ဖောင်းခါးကျေးရွာတွင် မဲဆွယ်စည်းရုံရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ရက္ခိုင့်တပ်တော်AA က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

AA ကမူ အစိုးရက ဖမ်းဆီးထားသည့် နိုင်ငံရေးသမား၊ ကျောင်းသားနှင့် ရခိုင်ပြည်သူများကို လွှတ်ပေးပါက ကိုယ်စားလှယ်လောင်းများကို ပြန်လွှတ်ပေးမည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြခဲ့သည်။

ယင်းသို့ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၃ ဦးကို ဖမ်းဆီးခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေပြီး ၎င်းတို့ကို ပြန်လွှတ်ပေးရန် အောက်တိုဘာလ ၂၂ ရက်နေ့တွင် NLD ပါတီက ပထမအကြိမ် ထုတ်ပြန် တောင်းဆိုထားပြီးဖြစ်သည်။

ဗီဒီယိုများ