မင်းပြားတွင် မွတ်ဆလင်သုံးဦး ပစ်ခတ်ခံရ၍သေဆုံး၊ အခြားဒေသခံသုံးဦးအား တပ်မတော်က ဖမ်းဆီးထား

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ဦးစိုးတင့်တံတားအနီးတွင် ယမန်နေ့(အောက်တိုဘာ ၅ ရက်)က သေနတ်ဖြင့် ပတ်ခတ်ခံရ၍ မွတ်ဆလင်သုံးဦး သေဆုံးသွားခဲ့ပြီး ဦးစိုးတင့်ရပ်ကွက်မှ ဒေသခံသုံးဦးကိုလည်း တပ်မတော်သား များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

By နှင်းနွယ် 06 Oct 2020

နှင်းနွယ် | DMG
အောက်တိုဘာ ၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ဦးစိုးတင့်တံတားအနီးတွင် ယမန်နေ့(အောက်တိုဘာ ၅ ရက်)က သေနတ်ဖြင့် ပတ်ခတ်ခံရ၍ မွတ်ဆလင်သုံးဦး သေဆုံးသွားခဲ့ပြီး ဦးစိုးတင့်ရပ်ကွက်မှ ဒေသခံသုံးဦးကိုလည်း တပ်မတော်သား များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသွားသူသုံးဦးမှာ မင်းပြားမြို့နယ်၊ လက်မ(မွတ်ဆလင်)ကျေးရွာမှ ဦးနူမာမောက်(၄၀)နှစ်၊ ဦးနရူစလင် (၅၀)နှစ်နှင့် ဦးမဒေါ်လာ (၄၅)နှစ်တို့ဖြစ်ကြသည်။

၎င်းတို့သည် ယမန်နေ့ညဉ့် ၁၀ နာရီခွဲအချိန်ခန့်က ဦးစိုးတင့်ရပ်ကွက်အနီးရှိ ဈေးချောင်းတွင် စက်လှေဖြင့် သွားနေစဉ် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်လှမ်းပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း ဦးစိုးတင့်ရပ်ကွက်နေ ကိုရခိုင်ကြီးက DMG သို့ပြောသည်။

“အဲဒီ မွတ်ဆလင်သုံးယောက်က ချောင်းထဲမှာ စက်လှေနဲ့သွားနေတဲ့အချိန်မှာ စက်လှေကိုရပ်ခိုင်းတာကို မရပ်တဲ့ အတွက် ပစ်လိုက်တာလို့ပြောတယ်။ သူတို့သုံးယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်။ စက်လှေပေါ်မှာ သွေးအိုင်တွေ ကျန်ခဲ့တယ်။ အလောင်းကိုတော့ ရင်ခွဲရုံမှာထားတယ်” ဟု ၎င်းကရှင်းပြသည်။

ထို့ပြင် ဦးစိုးတင့်ရပ်ကွက်နေ ဒေသခံသုံးဦးမှာလည်း ဖားရှာရန်ထွက်သွားစဉ် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင် များနှင့်တွေ့၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ ကိုမောင်ကြီး အသက်(၂၉)နှစ်၊ ဦးမောင်မောင်ဦး အသက်(၄၁)နှစ်နှင့် ကိုကျော်မင်းစိုး အသက်(၂၅)နှစ်တို့ဖြစ်ပြီး ၎င်းတို့မှာ မိသားစုစားဝတ်နေရေး အခက်အခဲများကြောင့် ဖားရှာစားနေသူများ ဖြစ်ကြောင်း ဒေသခံများကပြောဆိုကြသည်။

“အခု အဖမ်းခံထားရတဲ့ သုံးယောက်က မနက်ဆိုရင် ဈေးမှာဖားရောင်းနေတဲ့သူတွေ၊ ဖားသွားဖမ်းကြတာ။ အဲဒီ အချိန်မှာ တပ်မတော်သားတွေနဲ့တွေ့ပြီး  ဖမ်းခေါ်သွားတာ။ တစ်လမ်းလုံးရိုက်နှက်ခေါ်သွားတာ။ ကျနော်တို့ သွားကြည့်တော့ စက်လှေပေါ်မှာ ဖားထိုးဆူးတွေပဲ ကျန်ခဲ့တယ်။ စက်တွေကိုပါ ယူသွားကြတယ်” ဟု ကိုရခိုင်ကြီး က ပြောသည်။

မင်းပြားမြို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က မွတ်ဆလင်သုံးဦး ပစ်သတ်ခံရခြင်းမှာ မှန်ကန်သော်လည်း ဒေသခံသုံးဦး ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ အသေးစိတ် မသိရှိရသေးကြောင်းပြောသည်။

“ဦးစိုးတင့်ရပ်ကွက်က အမှတ် ၂ တံတားနားမှာ မွတ်ဆလင်သုံးယောက် အပစ်ခံရတယ်လို့တော့ ကြားတယ်။  သုံးယောက် အဖမ်းခံရတာကိုတော့ ကျနော်မသိသေးဘူး။ အခင်းဖြစ်သွားတဲ့အချိန်က ညမထွက်ရအမိန့် ထုတ်ထားတဲ့အချိန်ဆိုတော့ ဖြစ်စဉ်ကိုသိရဖို့ ခက်တယ်” ဟု ဦးလှသိန်းအောင်ကဆိုသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် မင်းပြားမြို့တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊  ဧပြီလကတည်းကပင် ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယမန်နေ့ ညဉ့် ၁၀ နာရီခွဲအချိန်ခန့်က တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များက ကင်းလှည့်နေချိန် ချောင်းအတွင်း သွားလာနေသော စက်လှေနှစ်စီးအား ရပ်တန့်ခိုင်းခဲ့ရာ အဆိုပါစက်လှေနှစ်စီးထဲမှ တစ်စီးမှာ ရပ်ပေးသော်လည်း တစ်ခြားတစ်စီးမှာမရပ်သဖြင့် လှမ်းပစ်ရခြင်းဖြစ်ကြောင်း မင်းပြားမြို့မရဲစခန်းမှ အမည် မဖော်ပြလိုသည့် တာဝန်ရှိသူတစ်ဦးက DMG သို့ ပြောသည်။

“ဖမ်းထားတဲ့ သုံးယောက်ကိုတော့ တပ်မတော်က စစ်ဆေးနေတယ်။ သူတို့သုံးယောက်နဲ့ပတ်သက်လို့ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်တွေက ဘာမှလုပ်ဖို့ စီစဉ်ထားတာမရှိဘူး။ တပ်မတော်ကပဲ စစ်ဆေးပေါ်ပေါက်တဲ့အပေါ်မှာ မူတည် ပြီးတော့ ဆောင်ရွက်မယ်ထင်တယ်” ဟု ၎င်းကပြောသည်။

ယင်းသို့ ဖမ်းဆီးရမိသူများ၏ တယ်လီဖုန်းများအား စိစစ်ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသူ ၃ ဦးနှင့် မွတ်ဆလင်အမျိုးသားအလောင်း ၃ လောင်းအား ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လက်ရှိ ဦးစိုးတင့်ရပ်ကွက်အနီးတွင် တပ်မတော်သားများ ရောက်ရှိနေသဖြင့် ဖမ်းဆီးစစ်ဆေးခံရမည်ကို စိုးရိမ်ပြီး ဒေသခံအချို့ တိမ်းရှောင်နေကြကြောင်း သိရသည်။

ဗီဒီယိုများ