တစ်ပတ်အတွင်း ရခိုင်သတင်းများ စုစည်းမှု

 

ရခိုင်ပြည်တွင် ၂၀၂၀ ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် သြဂုတ်လအထိ တရားမဝင်သစ်တန်ချိန်ပေါင်း ၅၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်သစ်တောဦးစီးဌာန၏ စာရင်းအရ သိရသည်။

23 Sep 2021

 

 

(၁၅-၉-၂၀၂၁ မှ ၂၂-၉-၂၀၂၁ အထိ)

စက်တင်ဘာ ၁၆

  • ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်အသီးသီးတွင် ကိုဗစ်ကူးစက်မှု လျော့ကျမှုရှိသော်လည်း ဂွမြို့နယ်တွင် ကိုဗစ်ကူးစက်မှု လျော့ကျခြင်းမရှိသဖြင့် ဒေသန္တရအမိန့်ထုတ်ပြန်ကာ စည်းကမ်းတင်းကြပ်ထားခဲ့ရာ ကိုဗစ်ကူးစက်မှု အနည်းငယ်လျော့ကျမှုရှိလာပြီဖြစ်ကြောင်း သိရသည်။
  • မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် (UNESCO) စာရင်း ဝင်ရောက်နိုင်ရေးအတွက် အဆိုပြုလွှာမူကြမ်းကို စက်တင်ဘာလ ဒုတိယအပတ်က တင်သွင်းလိုက်ပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
  • စစ်ရေးဆန့်ကျင်လှုပ်ရှားမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၉ ဖြင့် တရားစွဲဆိုခံရပြီး တစ်နှစ်ကျော်ကြာတရားရင်ဆိုင်ခဲ့ရသည့် ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ ရခိုင်ကျောင်းသားလေးဦးမှာ ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်ခံခဲ့ရသည်။
  • မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် သေဆုံးသူစုစုပေါင်း ၁၀၈၉ ဦးနှင့် ဖမ်းဆီးခံခဲ့ရသူဦးရေ ၆၄၇၇ ဦးအထိရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ စက်တင်ဘာ ၁၄ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။
  • ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းနှင့် YUNNAN AID တို့ ပူးပေါင်းပြီး သာလီစွအခမဲ့ဆေးခန်းတစ်ခုကို စက်တင်ဘာ ၁၆ ရက်နေ့ကဖွင့်လှစ်ကာ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
  • ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စက်လှေတစ်စီးနှင့် တရားမဝင်သစ် ၁၂ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၇

  • ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ကိုဗစ်အတည်ပြုလူနာ ၂ ဦးမှာ ယနေ့(စက်တင်ဘာ ၁၇ ရက်)တွင် သေဆုံးသွားခဲ့ကြောင်း သံတွဲခရိုင်ဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်းက အတည်ပြုပြောကြားခဲ့သည်။
  • ရခိုင်စစ်ပွဲအတွင်း အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အိုးအိမ်စွန့်ခွာရမှုတို့အတွက် ပြည်သူဖက်မှရပ်တည်ပြီး အစိုးရနှင့် စစ်တပ်အား ဆန့်ကျင်ဆန္ဒပြမှုကြောင့် ရခိုင်ကျောင်းသားလေးဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ပြစ်ဒဏ်ချမှတ်လိုက်သည့်အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ရခိုင်အမျိုးသားပါတီ(ANP) Youth Wing က ထုတ်ပြန်ခဲ့သည်။
  • ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်၊ ကိုသန့်ဇင်ဖြိုးတို့နှစ်ဦးကို စက်တင်ဘာ ၁၇ ရက်နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ်နှင့် ၂ လ ချမှတ်ခဲ့သည်။
  • ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများထဲမှ အချို့ကို စစ်ကောင်စီက ပြန်လည်လွှတ်ပေးခြင်းများရှိသော်လည်း မလွတ်မြောက်သေးသူ ၁၆၀ ကျော်အထိ ကျန်ရှိနေသေးကြောင်း ဖမ်းဆီးခံရသူများ၏ စာရင်းကိုကောက်ယူထားသည့် အဖွဲ့အစည်းများ၏ မှတ်တမ်းအရသိရသည်။
  • တောင်ကုတ်မြို့နယ်၊တောင်ပုံကြီးပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာလ ၁၇ ရက် နံနက် ၅နာရီခန့်၌ ပဲခူးတိုင်းဒေသကြီး၊ ဥသျှစ်ပင်မြို့ (၁၁)ရပ်ကွက်မှဦးသိန်းထွန်း(၅၃ နှစ်)မောင်းနှင်လာသည့် ၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ၎င်းယာဉ်ပေါ်တွင် ဖွဲအိတ်များဖြင့်ဖုံးအုပ်၍ တင်ဆောင်လာသော တရားမဝင်ကျွန်းသစ်ခွဲသား (၇၀)ချောင်း (၈ တန်ခန့်)ကိုဖမ်းဆီးရမိခဲ့သည်။

စက်တင်ဘာ ၁၈

  • ရခိုင်တွင် မြေသြဇာဈေးနှုန်း အဆမတန်မြင့်တက်နေမှုကြောင့် ဝယ်ယူသုံးစွဲရန်အတွက် အခက်အခဲဖြစ်နေကြသည်ဟု လယ်သမားများကပြောသည်။
  • ရခိုင်မှ နိုင်ငံတကာအဖွဲ့အစည်းတချို့တို့မှာ မူမမှန်သည့် လုပ်ရပ်များကြောင့် သွားလာခွင့်ကို ကန့်သတ်ရခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောခဲ့သည်။
  • ကိုဗစ်ကပ်ရောဂါကူးစက်မှုအခြေအနေကြောင့် ယာယီရပ်နားထားခဲ့ရသည့် ရွှေပြည်တန်အမြန်ရေယာဉ်ခရီးစဉ်အားလုံးကို စက်တင်ဘာလ ၂၀ ရက်နေ့စ၍ ပြေးဆွဲသွားမည်ဖြစ်ကာ ပုံမှန်ဈေးထက် ၂၀ ရာခိုင်နှုန်း ပိုမိုကောက်ခံသွားမည်ဖြစ်ကြောင်း ရွှေပြည်တန်ရေယာဉ်လိုင်း တာဝန်ရှိသူထံမှ သိရသည်။
  • ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်တပ်ကဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ်မှ ဒေသခံ ၉ ဦး၏အမှုကို အမြန်ဆုံးစစ်ဆေးပေးရန် ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက တောင်းဆိုကြသည်။
  • အခြေခံပညာကျောင်းများကို အောက်တိုဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဟု သတင်းများ ထွက်ပေါ်နေခြင်းမှာမဟုတ်မှန်ဘဲ ညွန်ကြားချက်တစ်စုံတစ်ရာမရှိသေးကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဒေါက်တာထွန်းထွန်းသိန်းက ပြောခဲ့သည်။
  • ရခိုင်မှတက္ကသိုလ်ကျောင်းသား ၄ ဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ်လိုက်သည့်အပေါ် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်သည်။
  • ရခိုင်ပြည်နယ် ရသေ့တောင်မြို့ဆေးရုံတွင်တက်ရောက်ကုသနေသည့် ကိုဗစ်အတည်ပြုလူနာ ၂ ဦး သေဆုံးသွားခဲ့သည်။
  • မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (sinopharm)ကို စက်တင်ဘာ ၁၈ ရက်နေ့တွင် သတ်မှတ်စုကွက်၌ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
  • ပေါက်တောမြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၈ ရက်နေ့က သာ့သနာဗိမာန်ရပ်ကွက်နှင့် သဝင်ချောင်းကျေးလက်ကျန်းမာရေးဌာနစု ရပ်ကွက်တို့တွင် ပြုလုပ်ခဲ့သည်။

စက်တင်ဘာ ၁၉

  • လက်ရှိဖြစ်ပွားနေသော COVID-19 ကပ်ရောဂါနှင့် နိုင်ငံရေး ပြောင်းလဲမှုများကြောင့် ရခိုင်မှ အဏ္ဏဝါ(ပင်လယ်ပြင်)ကာကွယ်ထိန်းသိမ်းရေးဧရိယာ တည်ထောင်ရေးလုပ်ငန်းများ ကြန့်ကြာမှုရှိနေကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS- မြန်မာနိုင်ငံအစီအစဉ်) Marine Conservation Manager (Wildlife Conservation Society–WCS) ဦးသောင်းထွဋ်က ပြောသည်။
  • ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဝဲကြီးကျေးရွာမှ အသက် (၈) နှစ်အရွယ် ကလေးငယ်တစ်ဦးတွင် ဘယ်ဖက်လက်မောင်း၌ အရိုးကင်ဆာရောဂါခံစားနေသည့်အတွက် စစ်တွေဆေးရုံတွင် ဆေးကုမှုခံယူနေစဉ် စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီခန့်က သေဆုံးသွားခဲ့ကြောင်း သိရသည်။
  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကိုဗစ်စည်းကမ်း မလိုက်နာသည့် ဒေသခံ ၂၆ ဦးကို စက်တင်ဘာလ ၁၉ ရက်နေ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။
  • ရခိုင်ပြည်နယ်တွင် ယခုနှစ်ကွမ်းသီးရာသီ၌ ကွမ်းသီးခြောက် တစ်မောင်း(၂၅ ပိဿာ) ကို ဈေးနှုန်ူး ၂၅၀၀၀၀ ထိ ဈေးကောင်းရနေကြောင်း ကွမ်းသီးခြံစိုက်ပျိုးရောင်းချသည့်သူများက ပြောသည်။
  • ၃၀။ သံတွဲမြို့နယ်တွင် အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် ဇီးကျွန်းသားကုမ္ပဏီမှ ရေဖြူဆည်အိုင်ကျေးရွာနှင့် သစ်ကောက်ကျေးရွာသို့ ရေးပေးဝေနိုင်ရန် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်
  • မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ ပြည်သူများအား သတ်မှတ်စုရပ်ကွက် ငါးနေရာ၌ ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို စက်တင်ဘာ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည်။

စက်တင်ဘာ ၂၀  

  • စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်မှ သေဆုံးသွားသည့် ဒေါ်စံညွန့်ခင်(ခ)ဒေါ်မချေအားရည်စူးကာ ကျန်ရစ်သူမိသားစုဝင်များက မြို့ပေါ်ရှိ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း သွေးလှူရှင်အသင်းကို အဆင့်မြင့်အရေးပေါ်လူနာတင်ယာဉ်တစ်စီးနှင့် တခြားသော ပရဟိတအဖွဲ့များကိုလည်း အလှူငွေများလှူဒါန်းခဲ့သည်။
  • ရခိုင်ပြည်နယ်က လူဦးရေတစ်သိန်းသုံးသောင်းစာအတွက် ကိုဗစ်ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာတော့မည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
  • ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား စစ်ရှောင်စခန်းတွင် ကိုဗစ်တတိယလှိုင်းအတွင်း ကာကွယ်ဆေး တစ်ကြိမ်ထိုးထားသူ ၃၃ ဦးခန့်မှာ ဖျားနာပြီးအနံ့မရ ဖြစ်နေသည့်အတွက် အနီးကပ်ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ရသည်။
  • စက်သုံးဆီဈေးမြင့်တက်လာခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက အုတ်၊ သဲ၊ ကျောက်များမှာလည်း ဈေးအနည်းငယ် မြင့်တက်လာကြောင်း အဆိုပါလုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။
  • ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့သည့် မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် မောင်တောဒေသများတွင် ထွန်ယက်စိုက်ပျိုးခြင်း မရှိသည့်လယ်ဧကများ သောင်းနှင့်ချီ ရှိနေသေးကြောင်းသိရသည်။
  • ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်တွေမြို့တွင် ရက္ခပူရဓမ္မတက္ကသိုလ်နှင့် မြောက်ဦးစင်တာဆောက်လုပ်ရန် အတွက် မြေနေရာများလှူဒါန်းပေးအပ်ခြင်းကို စက်တင်ဘာ ၂၀ ရက်နေ့က ကျားရုပ်ပရိယတ္တိစာသင်တိုက် (စစ်တွေ)၌ ပြုလုပ်ခဲ့သည်။
  • မြေပုံမြို့နယ်ရှိ အသက် ၅၅ နှစ်နှင့်အထက် ဘင်္ဂါလီများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုး နှံပေးခြင်းကို စက်တင်ဘာ ၂၀ ရက်နေ့က တောင်ပေါ်ရပ်ကွက်အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် ပြုလုပ်ခဲ့သည်။

စက်တင်ဘာ ၂၁

  • ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲများ ရပ်တန့်နေသည်မှာ ၁၁ လခန့်ကြာမြင့်လာပြီးနောက် စစ်ဘေးရှောင်အချို့မှာ မိမိနေရပ်သို့ ပြန်သွားကြသည်များ ရှိလာသော်လည်း မိုင်းအန္တရာယ်ကိုစိုးရိမ်မှုကြောင့် ယခင်ကလုပ်ကိုင်ခဲ့သည့် တောင်ယာ၊ ဝါးခုတ်၊ ဟင်းရှာသည့်အလုပ်များကို မလုပ်ရဘဲ စားဝတ်နေရေး အခက်အခဲဖြစ်နေရကြောင်း နေရပ်ပြန်သွားသူများက ဆိုသည်။
  • အဂတိလိုက်စားမှုပုဒ်မဖြင့်တရားစွဲခံထားရသည့် ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ဦးကို စစ်တွေအကျဉ်းထောင်တွင် Video Conferencing ဖြင့်ရုံးထုတ်စစ်ဆေးခဲ့သည်။
  • ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့ ငါးလုပ်ငန်းဦးစီးဌာနရှိ ရေငန်ပုစွန်သားဖောက်စခန်းတွင်ရခိုင်ရေချိုပုစွန်မျိုးစိတ်ကို သားဖောက်စမ်းသပ်မှုအောင်မြင်နေပြီး ၁နှစ်ပတ်လုံး ပုစွန်မွေးမြူထုတ်လုပ်နိုင်တော့မည်ဟု သိရသည်။
  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ တောကန်-ဝါဘိုချောင်းကူးတံတားမှာ ၂၀၁၉ ခုနှစ်မှစတင်ကာ ဆောက်လုပ်နေခြင်းဖြစ်သော်လည်း အပြီးဆောက်လုပ်ရန်အတွက် ရန်ပုံငွေမကျသေးကြောင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဌာနမှ သိရသည်။
  • ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်းတွင် လူကုန်ကူးမှုတစ်မှုသာရှိခဲ့ကြောင်း အမှတ်(၅) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု(စစ်တွေ)မှ သိရသည်။
  • စစ်ကောင်စီမှပေးမည့် ကိုဗစ်ကာကွယ်ဆေးများကို ၎င်းတို့ ထိန်းချုပ်ရာဒေသရှိ ပြည်သူများအား ဦးစားပေးထိုးပေးသွားမည်ဖြစ်ကြောင်း ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စက်တင်ဘာ ၂၁ ရက်နေ့တွင် ပြောခဲ့သည်။
  • ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်ဘေးရှောင် လူငယ်များအတွက်ရွယ်ရည်၍ သဘာဝနည်းကျစိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေးဆိုင်ရာ နည်းပညာသင်တန်းတစ်ခုကို ရက္ခရင်သွီး ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ပို့ချလျက် ရှိသည်။
  • ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင်ရှိသည့် အာရှတွင် ဒုတိယအကြီးဆုံး ဝမ်ဖိုက်ဒီရေတောမှ ထင်းခုတ်ယူမှုများရှိနေသဖြင့် ဒီရေတောပျက်စီးမှုကို ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်လာကြောင်း ဒေသခံများက ပြောဆိုခဲ့သည်။
  • အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနားကို လူငယ်များက ဦးဆောင်ကာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် စက်တင်ဘာ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
  • ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် အုန်းသီးကုန်ကြမ်းမှ ကုန်ချော ၆ မျိုးအထိ ထုတ်လုပ်နိုင်သော မာန်အောင်ရတနာစက်ရုံအား ကိုဗစ်ကြောင့် ရပ်နားထားရသည်။
  • ရခိုင်ပြည်နယ်တွင် ပထမဆုံးဖြစ်ပေါ်လာမည့် နိုင်ငံတကာအဆင့်မီ ရက္ခပူရဗုဒ္ဓတက္ကသိုလ်ကို စစ်တွေ၌ တည်ဆောက်ရန် စီစဉ်နေသည်။

စက်တင်ဘာ ၂၂

  • ရခ်ုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးထံတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိရကြောင်း စခန်းတာဝန်ခံ ဦးအောင်ကျော်ဝင်းက ပြောခဲ့သည်။
  • ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ချိန်က အင်တာနက်ကို အချိန်ကြာမြင့်စွာဖြတ်တောက်ခဲ့မှုကြောင့် လမ်းပေါ်ထွက်ကန့်ကွက်ဆန္ဒပြ၍ ဖမ်းဆီးထောင်ချခံထားရသည့် ကျောင်းသား ၂၅ ဦးအထိရှိလာကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ သိရသည်။
  • အခြေခံစားသောက်ကုန်များဖြစ်ကြသည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စသည်တို့မှာ ဈေးနှုန်းဆက်လက်မြင့်တက်လာနေခြင်းကြောင့် စစ်ဘေးဒုက္ခသည်များ၏ စားဝတ်နေရေးကို ပိုမိုအခက်အခဲဖြစ်စေကြောင်း ရခိုင်က စစ်ဘေးဒုက္ခသည်များက ပြောဆိုကြသည်။
  • ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အရေးပေါ်ဆာလောင်ငတ်မွတ်လာသူများနှင့် မရှိဆင်းရဲသားများ အရေးပေါ်စားသောက်နိုင်ရန်အတွက် မြို့ပေါ်ရပ်ကွက်များ၌ Food Box ထားရှိခြင်းကို ပြည်သူများ ပူးပေါင်းပါဝင်မှုရှိလာကြောင်း သိရသည်။
  • ရခိုင်ပြည်တွင် ၂၀၂၀ ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် သြဂုတ်လအထိ တရားမဝင်သစ်တန်ချိန်ပေါင်း ၅၀၀၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်သစ်တောဦးစီးဌာန၏ စာရင်းအရ သိရသည်။
  • ရခိုင်မှ နှစ်လကျော်ကြားပိတ်ထားခဲ့သည့် နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်ရန် ပြည်နယ်စစ်ကောင်စီထံ တင်ပြထားပြီဟု သိရသည်။
  • ရခိုင်ပြည်နယ် မာန်အောင်မြို့တစ်မြို့လုံးကို လျှပ်စစ်မီးပေးနေသည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစက်ရုံတွင် လျှပ်စစ်မီး 320kw အစား 250kw အထိသာထုတ်လုပ်နိုင်တော့၍ ဒီဇယ်မီးစက် ၂ လုံးဖြင့် လျှပ်စစ်မီးပေးနေရကြောင်း သိရသည်။

ဗီဒီယိုများ