စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် NLD လူငယ်သုံးဦးကို ရဲကခံဝန်ထိုးခိုင်း

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ လူငယ်သုံးဦးကို ရဲက ခံဝန်ထိုးခိုင်းကြောင်း ကာယကံရှင်များထံမှ သိရသည်။

07 Feb 2021

DMG | ဖေဖေါ်ဝါရီ ၇

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ လူငယ်သုံးဦးကို ရဲက ခံဝန်ထိုးခိုင်းကြောင်း ကာယကံရှင်များထံမှ သိရသည်။

ဖေဖေါ်ဝါရီလ ၆ ရက်နေ့က မာန်အောင်မြို့ဝင်ဆိုင်းဘုတ်အနီးတွင် NLD ပါတီမှ လူငယ်ခြောက်ဦးက တူညီ အင်္ကျီများဝင်ဆင်ကာ စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါလူငယ်များမှ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးခံထားရသော နိုင်ငံရေးသမားများအား ချက်ချက်လွှတ်ပေးရန်တောင်းဆိုသည့် စာရွက်များကို ကိုင်ဆောင်ကာ မိနစ်၂၀ ကြာ ရပ်တန့်တောင်းဆိုခဲ့ကြသည်။

ယင်းသို့ ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ ယမန်နေ့က ခံဝန်ထိုးခိုင်းခဲ့ကြောင်း ဆန္ဒပြရာတွင် ပါဝင်သည့် မခင်ထိပ်ထားလှိုင်က ပြောသည်။

“ကျွန်မတို့ကို အိမ်မှာလာပြီးခံဝန်ထိုးခိုင်းတယ်။ ကျွန်မတို့က မထိုးဘူးပြောတယ်၊ နောက်လဲလုပ်သွားမယ့် အစီအစဉ်တွေရှိသေးတယ်လို့ပြောလိုက်တယ်။ ခဏနေတော့ စခန်းကိုလိုက်ခဲ့ဖို့ဆိုပြီး ပြန်လာပြောတယ်။ ကျွန်မတို့ဘာအမှုနဲ့ စခန်းကိုခေါ်လဲဆိုတော့ ငြိမ်းစုစီနဲ့ခေါ်တယ်ပြောတာပေါ့။ ကျွန်မတို့ စခန်းလိုက်သွား တော့လဲ ဒီအတိုင်းဘဲပြောတယ်။ ခံဝန်ဘဲထိုးခိုင်းတယ်၊ ကျွန်မတို့မထိုးခဲ့ဘူး။ ဥပဒေအတိုင်းဆောင်ရွက်ပါလို့ ပြောခဲ့တယ်” ဟု ၎င်းကဆိုသည်။

ဆန္ဒဖော်ထုတ်ခဲ့သည့်လူငယ်များထဲမှ မခင်ထိပ်ထားလှိုင်၊ ကိုဟန်မင်းစိုးနှင့် မအေးမိမိခိုင်တို့သုံးဦးကို ရဲတပ်ဖွဲ့က နေအိမ်မှလာရောက်ခေါ်ဆောင်ပြီး ရဲစခန်းတွင်ခံဝန်ထိုးခိုင်းသော်လည်း မထိုးခဲ့ကြောင်း ကာယကံရှင်များက ဆိုသည်။

“ကျွန်တော်တို့ စစ်အာဏာရှင်အောက်မှာ မနေချင်ဘူး၊ အဲဒါကြောင့် အခုလိုတောင်းဆိုမှုလုပ်တာ။ စခန်းက လာခေါ်တုန်းကတော့ လက်မှတ်ထိုးဖို့အတွက်ပဲပြောတယ်၊ ကျန်တာမပြောဘူး။ ကျွန်တော်တို့လဲ မထိုးပေး နိုင်ဘူးဘဲပြောတယ်” ဟု ကိုဟန်မင်းစိုးက ပြောသည်။

ရဲစခန်းမှ ယနေ့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် ထပ်ပြီးလာရောက်မေးမြန်းမှုများ မရှိသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ဗီဒီယိုများ