စစ်တွေတွင် ဆန္ဒဖော်ထုတ်မှုကြောင့် ကျောင်းသားသုံးနှင့် ဝန်းရံသူတစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ယနေ့(အောက်တိုဘာ ၁၉ ရက်) မွန်းလွဲပိုင်းအချိန်တွင် စစ်ရေးပဋိပက္ခများနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုကြောင့် ကျောင်းသားသုံးနှင့် ဝန်းရံသူတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

By အောင်ထိန် 19 Oct 2020

အောင်ထိန် | DMG
အောက်တိုဘာ ၁၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ယနေ့(အောက်တိုဘာ ၁၉ ရက်) မွန်းလွဲပိုင်းအချိန်တွင် စစ်ရေးပဋိပက္ခများနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုကြောင့် ကျောင်းသားသုံးနှင့် ဝန်းရံသူတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ဖမ်းဆီးခံရသူများမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ စစ်တွေကွန်ပျူတာတက္ကသိုလ်မှ ကိုဦးသန်းနိုင်၊ ကျောက်ဖြူပညာရေးကောလိပ်မှ တွဲဖက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနှင့် ဝန်းရံသူ ကိုကောင်းထွန်းတို့ဖြစ်သည်။

အစိုးရအနေဖြင့် ယခင်ကတောင်းဆိုမှုများအပေါ်လိုက်လျော့မှုမရှိသည့်အပြင် တရားစွဲမှုများပြုလုပ်ခဲ့သဖြင့် ယခုထပ်မံတောင်းဆိုရခြင်းဖြစ်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက ပြောသည်။

“ရခိုင်ပြည်သူတွေဟာ ထပ်ပြီး သတင်းအမှောင်ချခံနေရတယ်။ မတရားသတ်ဖြတ်မှုတွေ ခံနေရတယ်။ ပြီးတော့ စစ်ပွဲတွေ တိုက်ပွဲတွေက ပိုပြီးပြင်းထန်လာတယ်ပေါ့။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခြင်းဖြစ်တယ်” ဟု ကိုကျော်နိုင်ဌေးက ဖမ်းဆီးမခံရမီ ပြောကြားခဲ့သည်။

ယနေ့ ဆန္ဒဖော်ထုတ်ရာ၌ “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government ၊ Burmese Government Get Out ၊ Burmese Army Get Out”စသည် အချက်များကို ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ရခိုင်ပြည်၌ စစ်ရေးပဋိပက္ခကြောင့် ပြည်သူများဒုက္ခသည်ရောက်နေချိန်တွင် အစိုးရအနေဖြင့် လစ်လျှူရှု မထားသင့်ကြောင်း စစ်တွေကွန်ပျူတာကျောင်းသားသမဂ္ဂမှ ပြန်ကြားတာဝန်ခံ ကိုဦးသန်းနိုင်က ပြောသည်။

“အစိုးရနေနဲ့ စစ်တပ်ကို ဖိအားမပေးနိုင်ဘူးဆိုရင်လည်း ပြည်သူတွေအတွက် အသံတောင်မထွက်ပေးဘူး။ ပြည်သူတွေရှေ့က မရပ်တည်ပေးနိုင်ဘူး။ ပြည်သူတွေ တင်မြောက်ထားတဲ့အစိုးရ ဒီလိုတောင်လုပ်မပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့မျှော်လင့်စရာ အကြောင်းမရှိဘူး” ဟု ၎င်းကဆိုသည်။

ယနေ့ဆန္ဒပြပွဲကို ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ကာပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၃၀ ကျော် ပူးပေါင်းပါဝင်ခဲ့ကြသည်။

၎င်းတို့သည် ယနေ့မွန်းလွဲပိုင်း ၁ နာရီကျော်အချိန်က စစ်တွေမြို့လည်ရှိ ဝင်္ကဘာကွင်းမှ ဦးဥတ္တမခန်းမရှေ့သို့ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ရာ စစ်တွေမြို့မရဲစခန်းရှေ့အရောက်တွင် ရဲတပ်ဖွဲ့ကတားဆီးသဖြင့် မြို့မှဈေးကြီးဘက်မှ ဆက်လက်ချီတက်ခဲ့ကြသည်။

ယင်းနောက် အင်းဝဘဏ်ရှေ့၌ရပ်တန့်ကာ ဆန္ဒဖော်ထုတ်နေစဉ် ရဲတပ်ဖွဲ့ဝင်များက လာရောက်ကာ ဆန္ဒ ဖော်ထုတ်သူထဲမှ ဦးဆောင်ကျောင်းသားဦးနှင့် ဝန်းရံသူတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိ ၎င်းတို့ လေးဦးမှာ စစ်တွေမြို့အမှတ်(၁)ရဲစခန်းတွင် ထိန်းသိမ်းခံထားရသည်။

ယခု ဖမ်းဆီးခံရသူထဲတွင်ပါဝင်သည့် ကိုကျော်နိုင်ဌေးနှင့် ကိုဦးသန်းနိုင်တို့သည် စက်တင်ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မှာ ဆန္ဒ ဖော်ထုတ်ခဲ့မှုကြောင့် ငြိမ်းစုစီပုဒ်ဖြင့် တရားစွဲဆိုခံထားရသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂမှ ကျောင်းသားနှစ်ဦး နိုင်ငံတော်အကြည်အညိုပျက်စေမှုနှင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံထားရသည်။

လက်ရှိတွင် ရခိုင်အရေးဆန္ဒဖော်ထုတ်မှုကြောင့် ငြိမ်းစုစီဥပဒေ၊ ဘေး/စီမံ ဥပဒေနှင့် နိုင်ငံတော်အကြည်ညို ပျက်စေမှု စသည်ပုဒ်မများဖြင့် တရားစွဲခံထားရသူ ၂၀ ဦးခန့်ရှိသည်။

ဗီဒီယိုများ