ရွှေပြည်သာမှာဖမ်းမိသည့် မူဆလင်များထဲမှ ၅ ဦး ကိုဗစ်ပိုးတွေ့ရှိ၊ ပွဲစား ၄ ဦးကို အမှုဖွင့်ထား

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့၊ ကွန်ပျူတာတက္ကသိုလ်ကျောင်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မူဆလင် ၉၉ ဦးထဲမှ အမျိုးသမီး ၅ ဦးတွင် ကိုဗစ်နိုင်တင်းပိုးတွေ့ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက DMG ကို ပြောသည်။

By မျိုးသီရိကျော် 09 Jan 2021



မျိုးသီရိကျော် | DMG
ဇန်နဝါရီ ၉ ၊ စစ်တွေ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့၊ ကွန်ပျူတာတက္ကသိုလ်ကျောင်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မူဆလင် ၉၉ ဦးထဲမှ အမျိုးသမီး ၅ ဦးတွင် ကိုဗစ်နိုင်တင်းပိုးတွေ့ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက DMG ကို ပြောသည်။

ရောဂါပိုး တွေ့ရှိသည့် မူဆလင် အမျိုးသမီး ၅ ဦးတွင် ရောဂါလက္ခဏာ တစ်စုံတရာမပြပဲ ပိုးတွေ့ရှိခြင်းဖြစ်ပြီး ၎င်းတို့ကို ကွန်ပျူတာတက္ကသိုလ်၌ သီးသန့်ခွဲထားကြောင်း သိရသည်။

“ပိုးတွေ့ထားတဲ့ သူတွေကို ဆေးကုသမှုစင်တာကို ပို့ရမှာပေါ့လေ။ ကုသရေးစင်တာကို ပို့ဖို့အတွက်ကျတော့ တိုင်းဒေသကြီးရဲ့ ကျန်းမာရေးဦးစီးဌာနကနေပြီး ဘယ်ကုသရေး စင်တာကိုပို့ရမလဲ ဆိုတာကို ညွှန်ကြားချက် မလာသေးပါဘူး။ ဒါကြောင့် ပိုးတွေ့ထားတဲ့ သူတွေကို သီးသန့်ခွဲထားရပါတယ်။ ကျန်းမာရေးဌာနကနေပြီး ဘယ်ကုသရေးစင်တာကို ပို့ပါဆိုပြီး ညွှန်ကြားချက်ကျလာရင်တော့ ကျနော်တို့အနေနဲ့ပို့ဖို့ အဆင်သင့်ပါပဲ” ဟု ဦးရန်အောင်မင်းက ဆိုသည်။

ယခုကဲ့သို့ ကိုဗစ်ရောဂါ လက္ခဏာတစုံတရာမပြပဲ ကိုဗစ်ပိုးတွေ့သည့်အတွက် အသွင်ပြောင်းသည့် ဗိုင်းရပ်ပိုး ဖြစ်လာမည်ကို စိုးရိမ်ကြောင်း သူကဆက်ပြောသည်။

မူဆလင်များကို ရန်ကုန်သို့ သယ်ယူပို့ဆောင်ပေးနေသည့် အဖွဲ့ဝင် ၆ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၆၇/၃၇၀ ဖြင့် အမှုဖွင့်ထားကြောင်း ရွှေပြည်သာမြို့မရဲစခန်းမှူး ဒုရဲမှူး တင်မောင်လွင်က DMG ကို ပြောသည်။

“တဖက်နိုင်ငံကို တရားမဝင် ခိုးထုတ်ပေးနေတဲ့ လူစုဆောင်းဆိုတဲ့ သဘောပေါ့နော်။ အဲ့တာကြောင့် ၃၆၇/၃၇၀ ပုဒ်မနဲ့ ပွဲစားတွေကို အရေးယူထားတာပါ။ တရားခံ ၄ ယောက်ကိုတော့ ဖမ်းဆီးရထားပြီ။ ကျန်တဲ့နှစ်ယောက်ကတော့ ထွက်ပြေးနေပါတယ်။ ထွက်ပြေးနေတဲ့ သူတွေကတော့ နောက်ကကြိုးကိုင် လုပ်ဆောင်ပေးနေတဲ့ သူတွေပေါ့။ သူတို့ကိုလည်း ဖမ်းဆီးဖို့အတွက် ဆောင်ရွက်နေပါတယ်” ဟု ဆိုသည်။

မူဆလင်များနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ရွှေပြည်သာမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၃ ဦးကိုလည်း Quarantine ထားထားကြောင်း ဆိုသည်။

ယင်း မွတ်ဆလင် အမျိုးသား ၂၆ ဦးနှင့် မွတ်ဆလင် အမျိုးသမီး ၇၃ ဦး စုစုပေါင်း ၉၉ ဦးကို ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့က ရွှေပြည်သာမြို့နယ်အမှတ် ၂ရပ် ကွက်နှင့် အမှတ် ၃ ရပ်ကွက်တို့တွင် ဖမ်းဆီးပြီး ကွန်ပျူတာတက္ကသိုလ်တွင် ထိမ်းသိမ်းထားခြင်း ဖြစ်သည်။

မြောက်ဦးမြို့နယ်မှဖြစ်ပြီး အမ်းမှတဆင့် ရန်ကုန်တိုင်းဒေကြီးသို့ ခိုးဝင်လာကြောင်းနှင့် မလေးရှားသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်ခြင်းဖြစ်သည်။

ဗီဒီယိုများ