အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင်ခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အရပ်သား ၃ ဦးတို့ ပြန်လွတ်လာ

“ကျောက်ရံအုပ်ချုပ်ရေးမှူးနဲ့ အရပ်သား ၃ ဦး လွတ်မြောက်လာတယ်။ ကျန်နေတာက ပထမဖမ်းဆီးတဲ့ ကျောင်းဆရာ နေဇော်လင်းနဲ့ ကျောက်ရံကျေးရွာက ကျောင်းဆရာ နိုင်အောင်ထွန်းတို့ ၂ ဦးသာ ကျန်နေပါတယ်”

30 Aug 2019

ချလူးအောင် | DMG

သြဂုတ် ၃၀ ၊ မောင်တော

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံရပြီး ဖမ်းဆီးစစ်ဆေးခံနေရသည့် ကျောက်ရံကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အရပ်သား ၃ ဦးတို့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

ကျောက်ရံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံမောင်၊ ကျောင်းဆရာ နိုင်အောင်ထွန်းနှင့် ကျောက်ရံကျေးရွာမှ ဦးကျော်သူစိုး၊ သရက်ပြင်ကျေးရွာမှ မောင်ထွန်းစိန်၊ ဖုံညိုလိပ်ကျေးရွာမှ မောင်ဖြူဒေါင်းတို့ကို AA နှင့် ဆက်သွယ်သည်ဟုဆိုကာ သြဂုတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင်ဖမ်းဆီးခဲ့ပြီး အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။

ထိုအထဲမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံမောင်၊ အရပ်သား ဦးကျော်သူစိုး၊ ဦးမောင်ထွန်းစိန်နှင့် မောင်ဖြူဒေါင်း တို့ကို သြဂုတ်လ ၂၇ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်တရားရုံးမှ ပြန်လွှတ်ပေးလိုက်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

“ကျောက်ရံအုပ်ချုပ်ရေးမှူးနဲ့ အရပ်သား ၃ ဦး လွတ်မြောက်လာတယ်။ ကျန်နေတာက ပထမဖမ်းဆီးတဲ့ ကျောင်းဆရာ နေဇော်လင်းနဲ့ ကျောက်ရံကျေးရွာက ကျောင်းဆရာ နိုင်အောင်ထွန်းတို့ ၂ ဦးသာ ကျန်နေပါတယ်” ဟု ၎င်းကဆိုသည်။

ပြန်လည်လွတ်မြောက်လာသူများထဲမှ သရက်ပြင်ကျေးရွာနေ ဦးမောင်ထွန်းစိန်က ကျောက်ရံအုပ်ချုပ်ရေးမှူး အပါအဝင် ၅ ဦးတို့ကို ကြာညိုပြင်ကျေးရွာအနီး လေးမြို့စခန်းအား မီးတိုက်သည်ဟုဆိုကာ အကြမ်းဖက်မှုဖြင့် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“ကျောင်းဆရာအပါအဝင် ၅ ဦးကိုတော့ ကြာညိုပြင်ကျေးရွာနားက လေးမြို့စခန်းကိုမီးတိုက်တယ်ဆိုပြီးစွဲချက် တင်ပါတယ်။ ဖမ်းဆီးတာနဲ့ စွဲချက်တင်တာနဲ့မသက်ဆိုင်သလိုဖြစ်နေပါတယ်။ သြဂုတ်လ ၂၇ ရက်နေ့မှာတော့ စွဲတင်ထားတဲ့ပုဒ်မနဲ့ ပါဝင်ပတ်သတ်မှုမရှိတာကြောင့် လွှတ်ပေးလိုက်ပါတယ်။ ကျောင်းဆရာကိုကျတော့ ကျနော်တို့နဲ့ခွဲပြီး စွဲချက်တင်လိုက်တဲ့အတွက် မလွတ်ဘဲကျန်နေခဲ့ပါတယ်” ဟု ဦးမောင်ထွန်းစိန်က ဆိုသည်။

ကျောက်ရံကျေးရွာမှ ဖမ်းဆီးခံထားရသည့် ကျောင်းဆရာ နိုင်အောင်ထွန်းအား အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)အပြင် ပုဒ်မ ၅၂ (က)ဖြင့်ပါ သြဂုတ်လ ၂၁ ရက်နေ့တွင် ထပ်တိုးအမှုဖွင့်ထားသည်။

ဗီဒီယိုများ