ရခိုင်ကျောင်းသားလေးဦးကို ထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် ANP Youth Wing ရှုံ့ချ

ရခိုင်စစ်ပွဲအတွင်း အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အိုးအိမ်စွန့်ခွာရမှုတို့အတွက် ပြည်သူဖက်မှရပ်တည်ပြီး အစိုးရနှင့် စစ်တပ်အား ဆန့်ကျင်ဆန္ဒပြမှုကြောင့် ရခိုင်ကျောင်းသားလေးဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ပြစ်ဒဏ်ချမှတ်လိုက်သည့်အပေါ် ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်း ရခိုင်အမျိုးသားပါတီ(ANP) Youth Wing က ထုတ်ပြန်လိုက်သည်။

17 Sep 2021

DMG ၊ စက်တင်ဘာ ၁၇

ရခိုင်စစ်ပွဲအတွင်း အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အိုးအိမ်စွန့်ခွာရမှုတို့အတွက် ပြည်သူဖက်မှရပ်တည်ပြီး အစိုးရနှင့် စစ်တပ်အား ဆန့်ကျင်ဆန္ဒပြမှုကြောင့် ရခိုင်ကျောင်းသားလေးဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ပြစ်ဒဏ်ချမှတ်လိုက်သည့်အပေါ် ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်း ရခိုင်အမျိုးသားပါတီ(ANP) Youth Wing က ထုတ်ပြန်လိုက်သည်။

ကျောင်းသားများသည် ပြည်သူများ၏လိုအပ်ချက်များကို ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့သော်လည်း အစိုးရဘက်မှမဖြည့်ဆည်းပေးခဲ့သည့်အဖြင့် ဆန္ဒဖော်ထုတ်သည့်ကျောင်းသားများကို မတရားဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ခြင်းသည် လုံးဝမဖြစ်သင့်ကြောင်း ANP Youth Wing မှ ပြန်ကြားရေးတာဝန်ခံ ကိုဆန်းဌေးမောင်ကပြောသည်။

“ကျောင်းသားတွေဟာ တိုင်းပြည်ရဲ့အနာဂတ်လူငယ်တွေ ဖြစ်တယ်။ ကျောင်းသားလူူငယ်တွေကို ထောင်ဒဏ်ချမှတ်တာဟာ လူငယ်တွေရဲ့ အနာဂတ်ကို ရိုက်ချိုးတာနဲ့အတူတူဖြစ်တယ်။ ဒါကြောင့် မတရားဖမ်းဆီးတာတွေ၊ မတရားပြစ်ဒဏ်ချမှတ်တာတွေ မလုပ်ဖို့ တောင်းဆိုရတာဖြစ်တယ်”ဟု ၎င်းကပြောသည်။

ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ကျောင်းသားများအား မတရားဖမ်းဆီးခြင်း၊ မတရားပြစ်ဒဏ်ချမှတ်ခြင်းသည် အာဏာရှင်တို့၏ ဥပဒေမဲ့လုပ်ရပ်ဖြစ်သည်ဟုရှုမြင်ကြောင်းနှင့် အဆိုပါကျောင်းသား လေးဦးအား ယခုကဲ့သို့ မတရားပြစ်ဒဏ်ပေးထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း ANP Youth Wing မှ တောင်းဆိုထားသည်။

ကျောင်းသားလေးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် ဘေး/စီ/မံဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၆ လကျခံရန် စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကျောင်းသားများအား နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ခြင်းမှာ ပွင့်လင်းမြင်သာမှုမရှိဘဲ တရားရုံးမှ အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ဝေဖန်သည်။

“ဒါက သက်သက်ကြီးကို ညစ်ပတ်တာလို့ပဲပြောချင်တယ်။ ညစ်ပတ်လား၊ မညစ်ပတ်ဘူးလားဆိုရင် ကျနော်တို့ကိုအသိမပေးဘူး။ ဒီအတိုင်းအမိန့်ချလိုက်တယ်။ ဒါဟာ ပိုပြီးတော့ သူတို့ရဲ့ မတရားမှုကို ထင်ပေါ်စေတယ်လို့သတ်မှတ်တယ်”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလက စစ်တွေမြို့အတွင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှဦးဆောင်ပြီး “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government ၊ Burmese Government Get Out ၊ Burmese Army Get Out” စသည့်အချက်များကို တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့ကြရာတွင် ရခိုင်ကျောင်းသားလေးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဆန္ဒပြ၍ ဖမ်းဆီးခံရသည့် ကျောင်းသားလေးဦးမှာ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ ဖြစ်ကြသည်။

အဆိုပါ ကျောင်းသားလေးဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၉ တို့ဖြင့် ၁၁ လကြာ တရားရင်ဆိုင်ခဲ့ရပြီးနောက် ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ဗီဒီယိုများ