စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရခိုင်ကကျောင်းသားလေးဦးအမှုတွင် တရားလိုကိုစစ်ဆေး

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်က ကျောင်းသားလေးဦးတို့ အမှုကို ယနေ့(ဧပြီလ ၂၈ ရက်)တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး တရားလိုကို စစ်ဆေးခဲ့ကြောင်း သိရသည်။

28 Apr 2021

DMG ၊ ဧပြီ ၂၈

စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်က ကျောင်းသားလေးဦးတို့ အမှုကို ယနေ့(ဧပြီလ ၂၈ ရက်)တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့ပြီး တရားလိုကို စစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည်နှစ် အောက်တိုဘာ ၁၉ ရက်နေ့က စစ်တွေမြို့တွင်လှည့်လည်ကာ စစ်ဆန့်ကျင်ရေး ဆန္ဒ ဖော်ထုတ်စဉ် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ ကိုကောင်းထွန်းတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျောင်းသားလေးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၉ တို့နှင့် စစ်တွေမြို့မရဲစခန်းမှ ရဲမှူးဇော်နိုင်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့သည်။

၎င်းတို့လေးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)ဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လအတွင်းက ပထမအကြိမ်ရုံးထုတ်စစ်ဆေးစဉ် ဘေး/စီ/မံဥပဒေပုဒ်မ-၂၉ ဖြင့် တရားစွဲဆိုခံခဲ့ခြင်းလည်း ဖြစ်သည်။

အလားတူ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍လည်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ခဲ့သည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုတိုးတိုးအောင်၊ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်တို့သုံးဦးကို ငြိမ်း၊စု၊စီဥပဒေပုဒ်မ-၁၉ ဖြင့် တရားစွဲဆိုခဲ့သည်။

အဆိုပါကျောင်းသားများအား ယနေ့ရုံးထုတ်ရာတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနှင့် ငြိမ်း၊စု၊စီပုဒ်မ တို့တွင် တရားလိုဖြစ်သည့် စစ်တွေမြို့မရဲစခန်းမှ ရဲမှူးဇော်နိုင်ကို စစ်ဆေးခဲ့ကြောင်း အမှုကိုလိုက်ပါ ဆောင်ရွက် နေသည့် ရှေ့နေထံမှ သိရသည်။

“တရားလို ရဲမှူးဇော်နိုင်ကို စစ်ဆေးခဲ့တယ်။ ၅၀၅ အတွက်ရော၊ ငြိမ်းစုစီပုဒ်မအတွက်ပါစစ်တယ်။ သူလုပ်ဆောင်ထားတဲ့အပိုင်းတွေကို ထွက်ဆိုခဲ့တယ်။ ခွင့်ပြုချက်မရှိဘဲ စီတန်းလှည့်လှည်ဆန္ဒပြတဲ့ဟာတွေ ကိုပဲ ပြောဆိုခဲ့တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောသည်။

ငြိမ်းစုစီပုဒ်မ-၁၉ ဖြင့် တရားစွဲဆိုခံထားရသည့် စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က “အတတ်နိုင်ဆုံးကတော့ ကျွန်တော်တို့က ဒီအမှုတွေကို ဖြေလျော့ပေးစေချင်တယ်။ ဒါက ယခင်အစိုးရလက်ထက်က ဖြစ်ခဲ့တာတွေဖြစ်တယ်။ ဒါကြောင့်လည်း ဒီအမှုတွေနဲ့ပတ်သက်လို့ စွဲဆိုထားတဲ့ သူတွေအနေနဲ့လည်း ဖြေလျော့ပေးစေချင်တယ်” ဟု ပြောသည်။

လက်ရှိ တရားစွဲဆိုခံထားရသူများထဲမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်တို့နှစ်ဦးမှာ နိုင်ငံတော်အကြည်ညို ပျက်စေမှုအပါအဝင် ငြိမ်းစုစီဥပဒေ၊ ဘေး/စီ/မံဥပဒေတို့နှင့်လည်း တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

အဆိုပါ ကျောင်းသားများ၏ အမှုများကို ဆက်လက်စစ်ဆေးရန် လာမည့် မေလ ၆ ရက်နေ့သို့ ထပ်မံရုံးချိန် လိုက်ကြောင်း သိရသည်။

ဗီဒီယိုများ