ရသေ့တောင်တွင် ကျည်ထိမှန်မူကြောင့် အရပ်သား(၄)ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မနေ့က (မေလ ၃၀ ရက်နေ့) ညနေ့ ၈ နာရီကျော်အချိန်တွင် လက်နက်ကျည် ထိမှန်မှုကြောင့် အရပ်သားလေးဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံမှ သိရသည်။ 

By ဝင်းညွန့် 31 May 2020

ဝင်းညွန့် | DMG
မေ ၃၁၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မနေ့က (မေလ ၃၀ ရက်နေ့) ညနေ့ ၈ နာရီကျော်အချိန်တွင် လက်နက်ကျည် ထိမှန်မှုကြောင့် အရပ်သားလေးဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံမှ သိရသည်။

ရသေ့တောင်မြို့နယ်၊ စဖိုကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဦးကျော်ငြိမ်း က “ မနေ့က ညနေ့ ၈ နာရီကျော်မှာ တပ်မတော်ရေတပ်က မေယုမြစ်တစ်လျှောက်ပစ်လာတာ။ ပစ်တာကတော့ နာရီခွဲကျော်လောက်ပစ်သွားတယ်။ အခုတော့ သူတို့ကို စေတီပြင်တိုက်နယ်ဆေးခန်းမှာ ဆေးကုသနေတယ်။ ဒဏ်ရာတွေကတော့ သိပ်မပြင်းဘူး”ဟု ဆိုသည်။

အဆိုပါပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ် ကံပြင်စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူ မောင်သန်းထွန်း (နဖူး) ၊ ဒိုးဝေချောင်းကျေးရွာမှ အောင်ငြိမ်း(နှာခေါင်း) ၊ စိုးနိုင်ထွန်း (ဘယ်ခြေသလုံး) နှင့် ဒိုးဝေချောင်းကျေးရွာမှ ခင်မျိုးအေး (ဘယ်ဖက်နား) တို့မှာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မူကြောင့် ဒေသခံများ ဒဏ်ရာရှိသွားသည်ကို ရသ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က “ ဒဏ်ရာရသွားတာကတော့ ဟုတ်တယ်။ မနေ့က ၉ နာရီလောက်မှာ သူတို့ စေတီပြင်ဆေးခန်းမှာ ဆေးကုသနေတယ်။ မနေ့က တိုက်ပွဲဖြစ်တာတော့ မရှိဘူး” ဟု DMG ကို အတည်ပြုပြောဆိုသည်။

ထိုသို့ တပ်မတော်ရေယာဉ်မှ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်များကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ဗီဒီယိုများ