ရခိုင်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၂ နှစ်အောက်ကလေးငယ် ၉၄၀၀ ကျော်အတွက် ထောက်ပံမှုမပြုနိုင်ခဲ့သည့် ငွေကျပ် ၄၂၇ သန်းကျော်ကိုပြန်အပ်

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေသဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက်ကလေးငယ်များ ထောက်ပံ့ရေးအစီအစဉ်တွင် အကျိုးခံစားခွင့်ရှိသူ ၉၄၉၆ ဦးအား ထောက်ပံမှု မပြုနိုင်ခဲ့သဖြင့် ငွေကျပ် ၄၂၇ သန်းကျော်ကို ပြန်လည်အပ်နှံခဲ့ရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

30 Aug 2019

ခိုင်ရိုးလ | DMG

သြဂုတ် ၃၀ ၊ စစ်တွေ

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေသဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက်ကလေးငယ်များ ထောက်ပံ့ရေးအစီအစဉ်တွင် အကျိုးခံစားခွင့်ရှိသူ ၉၄၉၆ ဦးအား ထောက်ပံမှု မပြုနိုင်ခဲ့သဖြင့် ငွေကျပ် ၄၂၇ သန်းကျော်ကို ပြန်လည်အပ်နှံခဲ့ရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ရခိုင်ပြည်နယ် မြို့နယ် ၈ မြို့နယ်တွင် ၂၀၁၈-၁၉ ခုဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွင်း လုံခြုံရေး အခြေအနေများကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက်ကလေးငယ်များကို ထောက်ပံ့မှု မပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သြဂုတ်လ ၂၉ ရက်နေ့က အမျိုးသားလွှတ်တော်တွင် ပြောကြားခဲ့သည်။

“အကျိုးခံစားခွင့်ရှိသူဦးရေ ၉၄၉၆ အတွက်ထောက်ပံ့ပေးနိုင်ခြင်းမရှိနိုင်ပါသဖြင့် စုစုပေါင်းကျပ် ၄၂၇ ဒသမ ၃၅၅ သန်းကို အနှုတ် ၃ ဆင့်ဖြင့် ပြန်လည်အပ်နှံရမှာ ဖြစ်ပါတယ် ” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ယင်းသို့ ထောက်ပံ့ကြေးအကျိုးခံစားခွင့်မရရှိကြသူများမှာ ရသေ့တောင်မြို့နယ်တွင် ၃၇၀ ဦး၊ ကျောက်တော်မြို့နယ်တွင် ၁၉၉၀ ဦး၊ မောင်တောမြို့နယ်တွင် ၆၇၀ ဦး၊ မင်းပြားမြို့နယ်တွင် ၃၈၃၄ ဦး၊ မြောက်ဦးမြို့နယ်တွင် ၄၀၈ ဦး၊ ဘူးသီးတောင်မြို့နယ်တွင် ၁၇၈၃ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၉ ဦးနှင့် မြေပုံမြို့နယ်တွင် ၄၃၁ ဦးတို့ဖြစ်ကြောင်း အစိုးရ၏စာရင်းအရ သိရသည်။

ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် ၂ နှစ်အောက်ကလေးငယ်များမှ အကြောင်းအမျိုးမျိုးကြောင့် မိမိကျေးရွာမှ အခြားမြို့နယ်ကယ်ဆယ်ရေးစခန်းများသို့ရောက်ရှိနေသည့်သူများကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များမှ တစ်ဆင့် လူမှုဝန်ထမ်းဦးစီးဌာနမှစစ်ဆေးပြီး ထောက်ပံ့မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာ ဝင်းမြတ်အေးကဆိုသည်။

“အကြောင်းအမျိုးမျိုးကြောင်း ပြောင်းရွှေ့နေထိုင်ကြတဲ့ အကျိုးခံစားခွင့်ရှိသူတွေအတွက်တော့ တခြားမြို့နယ် ကယ်ဆယ်ရေးစခန်းတွေကို ရောက်ရှိလာလို့ရှိရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့စည်းများက လူမှုဝန်ထမ်း ဦးစီးဌာန ဝန်ထမ်းတွေကို ဆက်သွယ်အကြောင်းကြားပေးပါတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ဒုတိယ(၃)လပတ်နှင့် တတိယ(၃)လပတ်ကာလအတွင်း မြို့နယ် ၁၆ မြို့နယ်မှ အကျိုးခံစားခွင့်ရှိသူဦးရေ ၁၁၁၈၉၂ ဦးအတွက် ထောက်ပံ့ငွေများကို ခွဲဝေပေးထားပြီး ဖြစ်ကြောင်းလည်း ဒေါက်တာဝင်းမြတ်အေးကပြောသည်။

ကျောက်တော်မြို့နယ် ပညာဝကျေးရွာမှ ပုဏ္ဏားကျွန်းမြို့နယ် မြတ်လဲှစစ်ဘေးရှောင်စခန်းသို့ ရောက်ရှိခိုလှုံနေသည့် ကိုယ်ဝန်ဆောင်မိခင် ဒေါ်မလှဖြူက ထောက်ပံ့ကြေးရရှိရန် ဧပြီလတွင် စာရင်း သွင်းထားသော်လည်း လက်ရှိအချိန်ထိ မရရှိသေးဟု ဆိုသည်။

“စခန်းမှာ စာရင်းကောက်လာလို့ ဧပြီလကတည်းက စာရင်းသွင်းထားတာ၊ အခုထိ တစ်ခါမှမရသေးဘူး။ ထောက်ပံ့ကြေးရမယ်ဆိုရင် မြန်မြန်ရချင်တယ်။ ဒီမှာလေ့ အခက်အခဲတွေဖြစ်နေရတာ” ဟု ဒေါ်မလှဖြူက ပြောသည်။

ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်၂ နှစ်အောက်ကလေးငယ်များအား ကျန်းမာသန်စွမ်းသော လူသားအရင်း အမြစ် ရှင်သန်ကြီးပြင်းနိုင်ရေးအတွက်ရည်ရွယ်ပြီး ယခုထောက်ပံ့ငွေအား ပေးအပ်နေခြင်းဖြစ်သည်။

ဗီဒီယိုများ