ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူ (၄၆)ဦး ရခိုင်သို့ ပြန်ဝင်လာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင် (၄၆)ဦး အောက်တိုဘာလ (၃၁)ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ ပြန်လည်ဝင်ရောက်လာသည်ဟု ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က DMG ကိုပြောသည်။

01 Nov 2019

ချလူးအောင်|DMG

နိုဝင်ဘာ ၁၊ မောင်တော

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် မွတ်ဆလင် (၄၆)ဦး အောက်တိုဘာလ (၃၁)ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ ပြန်လည်ဝင်ရောက်လာသည်ဟု ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က DMG ကိုပြောသည်။

၎င်းတို့သည် မိမိဆန္ဒအလျှောက် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်းနှင့် ငါးခူရ ပြန်လည်လက်ခံရေးစခန်းများသို့ ပြန်လည်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ဆွေမျိုးနေအိမ်များတွင် နေရာချပေး ထားသည်ဟု ဦးစိုးအောင်ကဆိုသည်။

“သူတို့ကိုတော့ အမှန်ဆိုရင် လှဖိုးခေါင်စခန်းမှာ ထားရမှာဖြစ်တယ်။ လုံခြုံရေးအခြေအနေတွေကြောင့် သူတို့ရဲ့ သဘောဆန္ဒအတိုင်း သူတို့ရဲ့ ဆွေမျိုးဆီမှာ နေရာချထားပေးထားပါတယ်။ လိုအပ်တဲ့ဟာတွေ အကုန်လုံး UEHRD အစီအစဉ်နဲ့ ဆောင်ရွက်သွားမှာပါ။ အခုက လူလည်းနည်းသေးတယ်။ လူများလာတဲ့အခါ သူတို့ရဲ့ မူလနေရာနဲ့တွေနဲ့ အနီးဆုံးနေရာတွေမှာ ကျေးရွာတွေ တည်ဆောက်ပေးသွားမှာပါ ”ဟု ၎င်းကပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်သို့ မိမိတို့သဘောဆန္ဒအရ ပြန်လည်ဝင်လာသူ စုစုပေါင်း (၃၉၇) ဦးရှိပြီဖြစ်ကာ ၎င်းတို့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ လစဉ် စားနပ်ရိက္ခာနှင့် မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်လျက်ရှိသည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (နိုဝင်ဘာလ ၁ ရက်နေ့)တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ချုပ်ဆိုထားသော နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ ဘေးကင်းလုံခြုံရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်နိုင်ရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေပြီး ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများကို ယခုနှစ် သြဂုတ်လနှင့်ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတို့တွင် လက်ခံရန် နှစ်နိုင်ငံသဘောတူညီခဲ့သော်လည်း တစ်ဦးမျှဝင်ရောက်လာခြင်းမရှိပေ။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မောင်တောဒေသမှာ အာဆာအကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ရာမှာ မွတ်ဆလင် စုစုပေါင်း (၇)သိန်းကျော်ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြောင်း ကုလသမဂ္ဂက ပြောဆိုထားသည်။

ဗီဒီယိုများ