ကျောက်တော်မြို့နယ်တွင် (၄) နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် ဒေသခံ (၇) ဦး ကျည်ထိမှန်

ယနေ့ နေ့လည် ၂ နာရီအချိန်ခန့်က သရက်တပင်ကျေးရွာနှင့် ဒေါင်းတောင်ယိုးကျေးရွာကြားရှိ ရန်ကုန်- စစ်တွေ ကားလမ်းမကြီးပေါ်တွင် မိုင်းပေါက်ကွဲတစ်ခုဖြစ်ပွားခဲ့သည်။ ထို့နောက်တွင် သရက်တပင်ကျေးရွာအနီး တံတားတွင်ရောက်ရှိနေသည့် တပ်မတော်သားများက ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံကျေးရွာသားများက ပြောဆိုကြသည်။

02 Sep 2019

ခိုင်ရိုးလ | DMG
စက်တင်ဘာ ၂၊ ကျောက်တော်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ယနေ့ စက်တင်ဘာလ ၂ ရက် နေ့လည်ပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများကြောင့် ကျေးရွာ ၄ ရွာမှ ဒေသခံပြည်သူ ၇ ဦးတို့မှာ ကျည်ထိမှန်သွားခဲ့ကြောင်း သိရသည်။

ကျည်ထိမှန်ခဲ့သူ ၇ ဦးမှာ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှ ၂ ဦး၊ ရွှေတလှည်းကျေးရွာမှ ၂ ဦး၊ ကျောက်တစ်လုံးကျေးရွာမှ ၂ ဦးနှင့် ရေဘကျေးရွာမှ ၁ ဦးတို့ဖြစ်ကြသည်။
ဒဏ်ရာရရှိသူများထဲမှ ၅ ဦးကို ယနေ့ ညနေ ၄ နာရီကျော်အချိန်က ကျောက်တော်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သရက်တပင်ကျေးရွာတွင် အခြေစိုက်သည့် ရွှေကရုဏာသွေးအလှူရှင်များအသင်း ဥက္ကဋ္ဌ ဦးဘိုအောင်သိန်းက ပြောသည်။

“ဒဏ်ရာရထားခဲ့သူ လူနာ (၅)ဦးကို ကျောက်တော်ဆေးရုံကို ပို့လိုက်ပါတယ်။ အဲဒီထဲမှာ အသက် (၄) နှစ် သမီးလေးတစ်ဦးပါတယ်။ ရေဘကျေးရွာကပါ။ ရွှေတလှည်းက (၂)ဦးနှင့် သရက်တပင်က (၂)ဦးပါ။ စုစုပေါင်း (၅) ဦးကိုပို့ထားတာပါ။ ကျောက်တလုံးကတော့ ကျွန်တော်တို့ကို မဆက်သွယ်လာသေးပါ” ဟု ဦးဘိုအောင်သိန်းက ဆိုသည်။

သရက်တပင်ကျေးရွာမှ ကျည်ထိမှန်ခဲ့သူနှစ်ဦးမှာ ဦးမောင်သန်းမြ အသက် ၆၁ နှစ်နှင့် ဒေါ်မညံ့ အသက် ၃၀ နှစ်တို့ဖြစ်ကြပြီး ဦးမောင်သန်းမြမှာ ကျေးရွာအတွင်းမှ ပစ်ခတ်သံများကြား၍ လယ်တောထဲတွင်ပုန်းခိုနေစဉ် ၎င်း၏ဦးခေါင်းနောက်စေ့ကို ကျည်ဆံရှပ်ထိသွားခဲ့ခြင်းဖြစ်ကာ ဒေါ်မညံ့မှာ ၎င်း၏နေအိမ်အတွင်းရှိနေစဉ် ညာဘက်ပေါင်တွင် ကျည်ဆံထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း သရက်တပင်ကျေးရွာသားတစ်ဦးက DMG ကို ရှင်းပြသည်။

ရွှေတလှည်းကျေးရွာမှ ကိုသန်းဝေ ၂၈ နှစ်နှင့် ကိုကျော်သန်းစိန် ၂၀ နှစ်တို့မှာလည်း ၎င်းတို့၏နေအိမ်ရှေ့တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ရွှေတလှည်းကျေးရွာသား ဦးမောင်နုက ဆိုသည်။

“သူ့အိမ်ရှေ့ကကွင်းမှာ လက်နက်ကြီးတစ်လုံးကျတယ်။ အဲဒီမှာ သူတို့က စပါးကျီအောက်မှာ ဝပ်နေတာကို လက်နက်ကြီး ကျည်စတွေကျပြီး ထိသွားတာ။ ဦးသန်းဝေမှာ ဒဏ်ရာကတော့ ခန္ဓာဘယ်ဘက်လက်မောင်းမှာ ထိတာ၊ ကျော်သန်းစိန်ကျတော့ ညာဘက်ခြေဒူးဆစ်နားမှာ ထိသွားတာ” ဟု ၎င်းကပြောသည်။

ရေဘကျေးရွာမှ ဦးထွန်းရွှေကျော်၏သမီး အသက် (၄) နှစ်အရွယ် မခိုင်သဇင်ငြိမ်းမှာလည်း နေအိမ်အတွင်းရှိနေစဉ် ညာဖက်လက်ဖျံတွင် ကျည်ဆံရှပ်ထိသွားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကျောက်တစ်လုံးကျေးရွာမှ ဦးမောင်စံသိန်း အသက် ၅၀ နှစ်မှာ ယနေ့ နေ့လည် ၂ နာရီခန့်က သရက်တပင်ကျေးရွာနှင့် ကျောက်တလုံးကျေးရွာအကြား ဥယျာဉ်ခင်းတွင် နွားကျောင်းနေစဉ် တပ်မတော်သားများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်နှစ်လုံး ၎င်း၏အနီးတွင် ကျရောက်ပေါက်ကွဲပြီး ကျည်စထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကွဲသွားတဲ့ ဗုံးကျည်စထိသွားတာပါ။ ဦးခေါင်းအောက်က ဂုတ်ကြောမှာ အစထိသွားတာပါ။ လက်ရှိမှာ ဒဏ်ရာကြောင့် နာကျင်တယ်လို့ သူကပြောပါတယ်။ သွေးထွက်နေပါတယ်။ သရက်တပင်ဈေးနားက တံတားဦးကနေ တပ်မတော်သားတွေက ပစ်သွားတာပါ။ ” ဟု ဦးမောင်စံသိန်း၏ အစ်ကို ဦးမောင်သိန်းညွန့်က ပြောသည်။

ကျောက်တစ်လုံးကျေးရွာမှ ကိုမျိုးကိုသန်း အသက် ၁၈ နှစ်မှာလည်း လက်ဖျံတွင် ကျည်ဆံရှုပ်ထိသွားခဲ့ကြောင်း ၎င်းကဆိုသည်။

ဦးမောင်စံသိန်းနှင့် ကိုမျိုးကိုသန်းတို့နှစ်ဦးတွင် ရရှိခဲ့သည့်ဒဏ်ရာများမှာ  ပြင်းထန်မှုမရှိသဖြင့် ဆေးရုံသို့မသွားတော့ဘဲ ကျေးရွာအတွင်းမှာသာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ယနေ့ နေ့လည် ၂ နာရီအချိန်ခန့်က သရက်တပင်ကျေးရွာနှင့် ဒေါင်းတောင်ယိုးကျေးရွာကြားရှိ ရန်ကုန်- စစ်တွေ ကားလမ်းမကြီးပေါ်တွင် မိုင်းပေါက်ကွဲတစ်ခုဖြစ်ပွားခဲ့သည်။ ထို့နောက်တွင် သရက်တပင်ကျေးရွာအနီး တံတားတွင်ရောက်ရှိနေသည့် တပ်မတော်သားများက ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံကျေးရွာသားများက ပြောဆိုကြသည်။

သို့သော် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ကျေးရွာသားများ၏ ပြောဆိုချက်ကို ငြင်းဆိုခဲ့ပြီး ကျောက်တော်မြို့နယ်တွင် ယနေ့ တိုက်ပွဲဖြစ်ပွားမှုများမရှိကြောင်း ဆိုသည်။

“ကျောက်တော် သရက်တပင်နားမှာတော့ ဒဏ်ရာရတာရှိတယ်လို့ ကျွန်တော်မကြားမိဘူးခင်ဗျာ။ ကျောက်တော်ဘက်မှာ တိုက်ပွဲဖြစ်တာလည်းမရှိဘူး။ ဖြစ်သံလည်းမကြားဘူး ” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

ကျောက်တော်မြို့နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ တပ်မတော်က ကျေးရွာအတွင်း တစ်ဖက်သတ် ပစ်ခတ်ခြင်းသာဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောဆိုသည်။

“ကျနော်တို့ အောက်ခြေ တပ်တွေကိုမေးကြည့်တော့ အဲဒီမှာ တိုက်ပွဲဖြစ်တာမရှိဘူးလို့ပြောတယ်။ ဗမာစစ်တပ်ဘက်က သူတို့တစ်ဖက်သတ်ပစ်တာပဲရှိတယ်။ ရွာထဲက အပြစ်မရှိတဲ့အရပ်သားတွေကို သူတို့အကွက်ဆင်ပြီးတော့ တမင်သက်သက်ပစ်တာလို့ သိရတယ်။ မိုင်းပေါက်ကွဲတာကလည်း ဗမာစစ်တပ်ကသူတို့ဟာသူတို့ ဖောက်တာပဲဖြစ်နိုင်တယ်” ဟု ခိုင်သုခက ဆိုသည်။

ယနေ့ပစ်ခတ်မှုဖြစ်စဉ်ကြောင့် သရက်တပင်ကျေးရွာရှိ မဟာနွယ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူ ၄ ဦးမှာလည်း သတိမေ့လျော့သွားသဖြင့် ကျောက်တော်ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“ကိုယ်ပိုင်အထက်တန်းကျောင်းကလည်း အမျိုးသမီးငယ် ၄ ဦးကို ဆေးရုံသို့တပါတည်းပို့ထားခဲ့ပါတယ်။ စိုးရိမ်ကြောက်လန့်ပြီး သတိလစ်သွားတာပါ။” ဟု သရက်တစ်ပင်ကျေးရွာမှ  ရွှေကရုဏာသွေးလှူရှင်များအသင်း ဥက္ကဋ္ဌ ဦးဘိုအောင်သိန်းက ပြောသည်။

ဗီဒီယိုများ