နိုင်ငံရေးပြဿနာများ ဖြေရှင်းနိုင်ရန် ရည်မှန်းချက်တူညီသည့် တိုင်းရင်းသားပါတီများနှင့် ပွင့်လင်းစွာဆွေးနွေး အဖြေရှာသွားမည်ဟု NLD ပါတီဆို

နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ရည်မှန်းချက်တူညီသည့် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

By မင်းထွန်း 02 Dec 2020

ရန်ကုန်မြို့ရှိ NLD ပါတီ ဌာနချုပ်။ (ဓာတ်ပုံ - NLD)

မင်းထွန်း | DMG
ဒီဇင်ဘာ ၂ ၊ စစ်တွေ

နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ရည်မှန်းချက်တူညီသည့် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

NLD ပါတီအနေဖြင့် လက်ရှိအချိန်တွင် မည်သည့်တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးသွားမည်ကို သတ်မှတ် ထားခြင်းမရှိသေးသော်လည်း ၂၀၂၀ အလွန် အနာဂတ်ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် ဆွေးနွေးရန် အစီအစဉ်ရှိကြောင်း ဆိုသည်။

“ရည်မှန်းချက်တူညီတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီအားလုံးနဲ့ ဆွေးနွေးမှာပဲခင်ဗျာ။ လောလောဆယ်မှာတော့ ဘယ်သူနဲ့ဆွေးနွေးမယ်ဆိုတာ သတ်မှတ်လျာထားတာ မရှိသေးဘူး။ အနာဂတ် ပြည်ထောင်စုသစ် အရေးအတွက် ဘယ်လိုပြည်ထောင်စုမျိုးကို ပုံဖော်မယ်ဆိုတာ ဆွေးနွေးညှိနှိုင်းတဲ့ သဘောပါခင်ဗျာ။ အဲဒါကို ဆွေးနွေးသွားမယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ယင်းအပြင် တိုင်းရင်းသားပါတီများနှင့် အပြန်အလှန်ယုံကြည်မှုဖြင့် လက်ရှိနိုင်ငံရေးပြဿနာများ ပြေလည်သည် အထိ ဆွေးနွေးနိုင်မည်ဟု NLD က မျှော်လင့်ထားသည်။

“တိုင်းရင်းသားအချင်းချင်း အပြန်အလှန်ယုံကြည်မှုနဲ့ပဲ ဆောင်ရွက်သွားရမှာဖြစ်တယ်။ ရိုးသားဖြောင့်မတ်စွာ၊ နောက်ပွင့်လင်းစွာ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးနဲ့တစ်ဦးယုံကြည်လာပြီးတော့ အခုဖြစ်နေတဲ့ နိုင်ငံရေးပြဿနာ အားလုံး ပြေလည်တဲ့အထိ ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်တယ်” ဟု ဒေါက်တာမျိုးညွန့်က ဆက်၍ပြောသည်။

တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် (NLD)ပါတီ၏ ရည်မှန်းချက်များနှင့် တူညီကြသည့်အတွက် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် တိုင်းရင်းသားပါတီ ၄၈ ပါတီအား ပူးပေါင်းပါဝင်ရန် နိုဝင်ဘာလ ၁၂ ရက်နေ့က NLD ပါတီဗဟို ဌာနချုပ်မှ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းရှိခဲ့သည်။

လာမည့် ၅ နှစ်တာကာလအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအခြေခံသည့် အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့စည်းရန်အတွက် ယင်းကဲ့သို့ ဖိတ်ခေါ်ရခြင်းသည်ဟု NLD ဗဟို တာဝန်ရှိသူများက ထုတ်ဖော်ပြောဆို ထားသည်။

သို့သော် NLD ပါတီအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ချင်ကြောင်း သဘောထားရှိလျှင် လက်ရှိအချိန်မှာ တိုင်းရင်းသားပါတီများနှင့် ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ကြောင်း နိုင်ငံရေးအရေးလေ့လာသုံးသပ်သူ ဦသန်းစိုးနိုင်က ပြောသည်။

“(NLD)က အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့ချင်တဲ့သဘောထားရှိရင် တိုင်းရင်းသားတွေနဲ့ ဒီချိန်မှာ ညှိနှိုင်း ဆွေးနွေးရမှာဖြစ်တယ်။ ဒါပေမယ့် ကိုဗစ်အလွန်ဆိုတော့ ကိုဗစ်က ဘယ်တော့လွန်မှာလဲ မသိဘူး။ အဲဒီတော့ ယေဘုယျအားဖြင့် ကြိုဆိုပေမယ့် အခိုင်အမာခြေလှမ်းတွေ မပါတဲ့အတွက် NLD အစိုးရဟာ အခုဘယ်လို အမျိုးသားညီညွတ်ရေးအစိုးရမျိုး တည်ဆောက်မှာလဲ၊ တိုင်းရင်းသားတွေရဲ့ ဘယ်သဘောထားတွေကို လက်ခံ မှာလဲ။ နောက်တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖွဲ့မှာလား၊ တပ်ပေါင်းစုဖွဲ့မှာလား၊ ဒါမှမဟုတ်ဆွေးနွေးရုံပဲလား၊ ဆွေးနွေးဖက်အဖြစ်သဘောထားလို့လား၊ အဲကိစ္စတွေ ဘာမှမရှင်းလင်းတဲ့အတွက် တကယ်တမ်း ဘာဖြစ်လာ မလဲဆိုတဲ့ကိစ္စကို ပြောရခက်တယ်” ဟု ၎င်းကရှင်းပြသည်။

ထို့အပြင် တိုင်းရင်းသားအရေးနှင့်ပတ်သက်ပြီး လုပ်ဆောင်မှုအားနည်းခဲ့သည့် NLD အစိုးရကို တိုင်းရင်းသားများ မကျေမနပ်ဖြစ်နေသည့်အချိန်တွင် NLD ပါတီမှ ယင်းကဲ့သို့ တိုင်းရင်းသားများနှင့် ဆွေးနွေးမည်ဟုပြောဆိုခြင်းသည် ကောင်းမွန်သလို ကြိုဆိုရမည်ဖြစ်ကြောင်း ဦးသန်းစိုးနိုင်က ဆက်၍ ပြောသည်။

NLD ပါတီမှ တိုင်းရင်းသားပါတီ ၄၈ ခုအား ပူးပေါင်းပါဝင်ရန် အိတ်ဖွင့်စာပေးပို့သည့်အထဲတွင် ပါဝင်သော ရခိုင်အမျိုးသားပါတီ(ANP) ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က “အဲဒီစာကို လက်ခံရရှိပြီး ကြိုဆိုတဲ့အကြောင်း၊ စာမှာကမ်းလှမ်းမျှော်လင့်တဲ့အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်းတွေကို တင်ပြသွားဖို့ ဆုံးဖြတ် ထားတယ်” ဟု ဆိုသည်။

ဗီဒီယိုများ