ရသေ့တောင်တွင် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း ကပ်ချောင်းကျေးရွာတွင် ယနေ့(သြဂုတ်လ ၁ ရက်) ညနေ ၄ နာရီကျော်ခန့်က စစ်ကျန်လက်နက်တစ်လုံး ပေါက်ကွဲမှုကြောင့် အသက် ၉ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကလေးနှစ်ဦး သေဆုံးကာ လေးဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

By နှင်းနွယ် 01 Aug 2020

နှင်းနွယ် | DMG
သြဂုတ် ၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း ကပ်ချောင်းကျေးရွာတွင် ယနေ့(သြဂုတ်လ ၁ ရက်) ညနေ ၄ နာရီကျော်ခန့်က စစ်ကျန်လက်နက်တစ်လုံး ပေါက်ကွဲမှုကြောင့် အသက် ၉ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကလေးနှစ်ဦး သေဆုံးကာ လေးဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အဆိုပါကျေးရွာအနီးရှိ ချောင်းတွင် ငါးဖမ်းသွားရာမှ တွေ့ရှိခဲ့သည့် လက်နက်ကျည်တစ်လုံးအား ရွာသို့ ယူဆောင်လာပြီး နေအိမ်တွင်ထုကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကပ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်က DMG သို့ ပြောသည်။

“မပေါက်ကွဲဘဲ ကျန်ခဲ့တဲ့ လက်နက်ကြီးကျည်တစ်လုံးကို ချောင်းထဲမှာ ငါးဖမ်းတဲ့အခါစမ်းတွေ့ပြီးတော့ အိမ်ကိုယူလာကြတယ်။ ပြီးတော့ သူတို့တစ်စုက အဲဒီလက်နက်ကြီးကျည်ကို ခေါက်ကြည့်ကြတဲ့အချိန်မှာ အပူချိန်ကြောင့် ပေါက်ကွဲသွားပြီးတော့ သူတို့တစ်စုလုံး ပါသွားတာ။ တစ်ယောက်ကတော့ ပွဲချင်းပြီးသေဆုံးသွားတယ်”ဟု ၎င်းက ပြောသည်။

ယင်းသို့ပေါက်ကွဲမှုကြောင့် မောင်နေမျိုးလင်း (၁၆)နှစ်၊ မောင်မျိုးနိုင်ဦး (၉)နှစ်၊ မောင်ဘပြဲအောင်(၁၄)နှစ်၊ မောင်နေတိုးလင်း (၁၂)နှစ်၊ မောင်စိုးငြိမ်းလင်း (၁၅)နှစ်နှင့် မောင်ဇော်နိုင်(၁၄)နှစ်တို့မှာ မျက်စိ၊ ခန္ဓာကိုယ်နှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်။

ထိုအထဲမှ မောင်နေမျိုးလင်းမှာ ဘယ်ဘက်လက်၊ နဖူးတို့တွင် ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး ပေါက်ကွဲမှု ဖြစ်သည့်နေရာတွင် သေဆုံးသွားခဲ့သည်။ ထပ်မံ၍ မောင်မျိုးနိုင်ဦးမှာ စစ်တွေဆေးရုံ ယူဆောင်လာစဉ်လမ်း၌ သေဆုံးသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူလေးဦးထဲမှ ကူတောင်တိုက်နယ်ဆေးရုံသို့ နှစ်ဦးပို့ဆောင်ထားပြီး နောက်ထပ် ဒဏ်ရာပြင်းထန်သူနှစ်ဦးကို စစ်တွေဆေးရုံသို့ ဆေးကုသရန် ယူဆောင်လာနေကြောင်းသိရသည်။

ကပ်ချောင်းကျေးရွာအနီးတွင် ဇူလိုင်လအတွင်းက တပ်မတော်နှင့် AA တို့ အပြန်အလှန်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာ ခိုင်ကောင်းစံက ယခုကဲ့သို့ပေါက်ကွဲမှုကြောင့် အရပ်သားများ သေဆုံးရခြင်းသည် ရခိုင်ပြည်နယ်တွင် မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်များနှင့်ပတ်သက်သည့် အသိပညာပေးမှုများ အားနည်းခြင်းကြောင့်ဟု ထောက်ပြပြောဆိုသည်။

“ဥပမာ-ရွာပြင်မှာ ဒီလိုမပေါက်ကွဲသေးတဲ့ပစ္စည်းတွေကိုတွေ့လို့ရှိရင် မယူလာရဘူးဆိုပြီး ပြောပြတာတွေ၊ အသိ ပညာပေးတာတွေ လုပ်ဖို့လိုအပ်တယ်။ လက်နက်ကြီးနဲ့ပတ်သက်တာတွေ၊ မိုင်းအသိပညာပေးတွေကို ကိုယ်တိုင် သွားပြီး မပြောပြနိုင်ရင်တောင် အသိပညာပေး စာရွက်လေးတွေ ကပ်ထားသင့်တယ် ”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုများကြောင့် အရပ်သား ထိခိုက် သေဆုံးမှုများရှိနေပြီး မပေါက်ကွဲဘဲကျန်ရှိနေခဲ့သည့် စစ်ကျန်လက်နက်များပေါက်ကွဲမှုကြောင့်လည်း အရပ်သား ထိခိုက်သေဆုံးမှုမှာ တိုးလာနေသည်။

မိုင်းအန္တရာယ်အသိပညာပေးမှုများကို ICRC နှင့် အရပ်ဖက်အဖွဲ့အစည်းအချို့က လုပ်ဆောင်နေကြသော်လည်း ယခုထက်ကျယ်ပြန့်စွာလုပ်ဆောင်ရန် လိုအပ်လျက်ရှိနေသည်။

ဗီဒီယိုများ