ရခိုင်တွင် 4G အင်တာနက်ပြန်လည်အသုံးပြုခွင့်ပေးရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်း

သတင်းအချက်အလက် တိကျမြန်ဆန်စေရေးနှင့် အချိန်နှင့်တပြေးညီ ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့တွင်ဖွင့်ပေးထားသည့် 2G အင်တာနက်အား 4G အဆင့်သို့ ပြန်လည်အသုံးပြုခွင့် ပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း ယနေ့ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အဆိုတစ်ရပ်တင်သွင်းခဲ့သည်။

14 Jan 2021

အင်တာနက်ပြန်လည်ဖွင့်ပေးရေးအတွက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသ) ကျောင်းသားများ ဆန္ဒပြတောင်းဆိုခဲ့ကြစဉ်။ (ဓာတ်ပုံ - ဗကသ)

ခင်သရဖီဦး | DMG
ဇန်နဝါရီ ၁၄ ၊ စစ်တွေ

သတင်းအချက်အလက် တိကျမြန်ဆန်စေရေးနှင့် အချိန်နှင့်တပြေးညီ ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့တွင်ဖွင့်ပေးထားသည့် 2G အင်တာနက်အား 4G အဆင့်သို့ ပြန်လည်အသုံးပြုခွင့် ပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း ယနေ့ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် အဆိုတစ်ရပ်တင်သွင်းခဲ့သည်။

ရခိုင်ပြည်နယ်မှ မြို့နယ်အချို့ကို အင်တာနက်ဖြတ်တောက်ထားခြင်းသည် ပြည်သူ့အစိုးရတစ်ရပ်အနေဖြင့် မလုပ်သင့်သည့် ကိစ္စတစ်ရပ်အဖြစ် ရှုမြင်ကြောင်း အဆိုရှင်ဖြစ်သည့် ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောသည်။

“အင်တာနက်ကို အခုလိုပိတ်လိုက်တာဟာ ဒီမိုကရေစီအစိုးရလို့ခေါ်တဲ့ အစိုးရတစ်ရပ်အနေနဲ့ ရခိုင်ပြည်သူ တွေကို အမုန်းတရားထားကာ မြန်မာ့လူအဖွဲ့အစည်းရဲ့ အပြင်ဖက်ကို တွန်းပို့လိုက်သလိုဖြစ်နေပါတယ်” ဟု ၎င်းကဆိုသည်။

ယနေ့တင်သွင်းသည့် အဆိုအပေါ် ပေါက်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိသဖြင့် အဆိုကို ဆက်လက်ဆွေးနွေးရန် လွှတ်တော်ကသဘောတူ ခဲ့သည်။

အင်တာနက်ဖြတ်တောက်ထားသည့်အကြောင်းအရာမှာ တပ်မတော်နှင့် ရခိုင်တပ်တော်(AA)တို့ ဖြစ်ပွားခဲ့သည့် အကြောင်းရာများမှ စတင်ခဲ့ခြင်းဖြစ်ကာ ယခုအချိန်တွင် တိုက်ပွဲများရပ်တန့်နေပြီး ငြိမ်းချမ်းရေးအရောင် ထွက်ပေါ်လာသည့် အနေအထားဖြစ်သည်ဟု ဦးအောင်ကျော်ထွီးက ဆိုသည်။

“အင်တာနက်ဖြတ်တောက်မှုကြောင့် ကျောင်းသားပြည်သူတွေ ခံစားနေရတယ်။ ကမ္ဘာ့အရှည်ကြာဆုံးဖြစ်တဲ့ အင်တာနက်ဖြတ်တောက်မှုကို ပြည်သူအစိုးရအနေနဲ့ ခြွင်းချက်မရှိ ပြန်လည်ဖွင့်ပေးသင့်တာကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေပါ ပြောဆိုနေကြတာကိုလည်း အားလုံးအသိပဲဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ရခိုင်မြောက်ပိုင်းတွင် ယခုထက်ပိုမိုပြီး လုံခြုံရေးအခြေအနေကောင်းလာပါက အင်တာနက်ပြန်ဖွင့်ပေးရန် ဖြစ်လာနိုင်ကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက DMG သို့ ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်းမှ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေက အစိုးရက ကြိုတင်အသိမပေးဘဲ အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သည်။

ယင်းနောက် ၂၀၂၀ ပြည့်နှစ် မေလ ၂ ရက်နေ့တွင် မောင်တောမြို့နယ်ကို အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့ပြီး သြဂုတ်လ ၂ ရက်နေ့တွင် ကျန်မြို့နယ်များကို မြန်နှုန်းနည်း 2G အင်တာနက်လိုင်းသာ ပြန်ဖွင့်ပေးခဲ့သည်။

ယင်းသို့ အင်တာနက်လိုင်းများဖြတ်တောက်ခံထားရသည်မှာ လက်ရှိတွင် တစ်နှစ်နှင့်ခုနှစ်လခန့် ကြာမြင့်လာခဲ့ပြီဖြစ်သည်။

ဗီဒီယိုများ