ရခိုင်မှ သတင်းအချက်အလက်သိရှိရန် ခက်ခဲနေသည့် မြို့နယ်များရှိ စစ်ရှောင်စခန်းများတွင် ရေဒီယိုများဖြန့်ဝေ

ရခိုင်ပြည်နယ်အတွင်းမှ သတင်းအချက်များသိရှိရန် ခက်ခဲနေသည့် မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများတွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ ရေဒီယိုများ ဖြန့်ဝေနေကြောင်းသိရသည်။

By ဉာဏ်ဟိန်း 23 Sep 2020

Photo - REC

ဉာဏ်ဟိန်း| DMG
စက်တင်ဘာ ၂၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းမှ သတင်းအချက်များသိရှိရန် ခက်ခဲနေသည့် မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများတွင် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)မှ ရေဒီယိုများ ဖြန့်ဝေနေကြောင်းသိရသည်။

ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်ရှိ စစ်ဘေးရှောင် စခန်း(၅၂)ခုတွင် ရေဒီယိုအလုံးပေါင်း (၄၀၀)ကျော် ဖြန့်ဝေးပေးပြီးဖြစ်ကြောင်း REC ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က DMG သို့ပြောသည်။

“ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ နောက်ထပ် IDP စခန်းမဟုတ်ဘဲ အခြားဝေးလံပြီးတော့ အင်တာနက်လိုင်းမမိတဲ့ နေရာတွေမှာလည်း ကိုဗစ်နဲ့ သတင်းအချက်အလက်တွေ သိရှိနိုင်အောင် နောက်ထပ် ဖြန့်ဝေသွားဖို့ရှိတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် အင်တာနက်မရရှိသောကြောင့် သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီမသိရှိရသဖြင့် ကိုဗစ်နဲ့ပတ်သက်ပြီး စည်းကမ်းလိုက်နာမှုများ အားနည်းနေကြောင်း အဆိုပါမြို့နယ် Covid-19 ကာကွယ်ရေးပူးပေါင်းကော်မတီအဖွဲ့မှ ဘဏ္ဍရေးမှူး ဦးအောင်သန်းထွန်းက ပြောသည်။

“အင်တာနက်မရတော့ သတင်းတွေက အတိအကျမရဘူးဆိုတဲ့အခါမှာ ဒေသခံတွေက နေချင်သလို နေကြ‌‌တော့ အခြေအနေက ပိုပြီးတော့ဆိုးလာတယ်။ အခုက ကိုယ့်မြို့မှာ Positive ဘယ်လောက်ရှိလဲဆိုတာတောင် မသိကြဘူးဖြစ်နေတယ်” ဟု ၎င်းကရှင်းပြသည်။

ထိုသို့ အင်တာနက်လိုင်း မရရှိသည့်အတွက် စစ်ဘေးရှောင်များမှာ ကိုဗစ်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီမသိရ၍ စိုးရိမ်မှုရှိကြောင်း ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးစိန်ရွှေဘုက ပြောသည်။

“စစ်ဘေးရှောင်စခန်းမှာဆိုတော့ လူတွေစုပြီးတော့နေရတယ်။ တစ်ယောက်ယောက်မှာရောဂါ ဖြစ်ရင် အကုန်လုံး ဖြစ်မှာ။ အဲဒီတော့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ သိရဖို့အတွက် အင်တာနက်လိုင်းတွေ ဖွင့်ပေးစေချင်တယ်” ဟု ၎င်းကတောင်းဆိုသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့နှင့် ပလက်ဝမြို့နယ်များကို အစိုးရက အင်တာနက်ပိတ်ပင်ထားသည်မှာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီး ယခုလက်ရှိတွင် အင်တာနက်ကို 2G သာ ဖွင့်ပေးထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၆၉၅၉၊ ဆေးရုံဆင်းခွင့်ရသူ ၁၉၅၁ နှင့် သေဆုံးသူ ၁၁၆ ဦးရှိပြီး ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၃ ရက် နံနက် ၈ နာရီထုတ်ပြန်ချက် အရ သိရသည်။

ကိုဗစ်ကူးစက်ခံရမှု ဒုတိယအများဆုံးဖြစ်သည့် ရခိုင်ပြည်နယ်တွင် ပိုးတွေ့ရှိသူ ၁၁၀၀ ကျော်ရှိပြီး ယင်းအထဲမှ သေဆုံးသူသုံးဦးနဲ့ ပိုးကင်းစင်၍ ဆေးရုံမှဆင်းခွင့်ရရှိသူ ၆၀၀ ခန့်ရှိကြောင်းသိရသည်။

ဗီဒီယိုများ