တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသည့် ပလက်ဝဒေသခံလေးဦး ပြန်လွတ်လာ

တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ဒေသခံ လေးဦးမှာ အောက်တိုဘာလ ၁၄ ရက် ညနေပိုင်းအချိန်က ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုဝင်များ ထံမှသိရသည်။

By အောင်ထိန် 16 Oct 2020

အောင်ထိန် | DMG
အောက်တိုဘာ ၁၆ ၊ စစ်တွေ

တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ဒေသခံလေးဦးမှာ အောက်တိုဘာလ ၁၄ ရက် ညနေပိုင်းအချိန်က ပြန်လည်လွတ်မြောက်လာကြောင်း မိသားစုဝင်များ ထံမှသိရသည်။

ယခုလွတ်မြောက်လာသူများမှာ ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ဦးမောင်ဝင်း (၅၂)နှစ်၊ ဦးဇော်ဇော်ဦး (၃၅)နှစ်၊ ကိုဇင်မင်းဖြိုး(၂၃)နှစ်နှင့် ကိုနေဇော်ထက်(၂၇)နှစ်တို့ ဖြစ်ကြသည်။

“သူတို့အားလုံးက ကောင်းကောင်းမွန်မွန်ပြန်လွတ်လာတယ်။ အခုလိုပြန်လွတ်လာတော့ ကျွန်မတို့ဝမ်းသာ တာပေါ့။ ကျွန်မတို့ကဆင်းရဲတယ်၊ အခုလိုချောချောမောမောနဲ့ပြန်လွတ်တာကိုဘဲ ကျေးဇူးတင်တယ်” ဟု ဖမ်းဆီး ခံရသူများထဲမှ ကိုနေဇော်ထက်၏ယောက်ခမဖြစ်သူ ဒေါ်မထွေးက ပြောသည်။

၎င်းတို့လေးဦးသည် အောက်တိုဘာလ ၁၃ရက်နေ့ ညနေပိုင်းအချိန်ခန့်က ပလက်ဝမြို့နယ် ရေတံခွန်ကျေးရွာ ဘက်၌ စားသောက်ကုန်ပစ္စည်းများသယ်ယူရန် အငှားလိုက်စဉ် တပ်မတော်စစ်ကြောင်းတစ်ခုနှင့်တွေ့၍ ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ဖမ်းဆီးခံရသူလေးဦးကို အောက်တိုဘာလ ၁၃ ရက်နေ့ ညဉ့်တွင် ပလက်ဝမြို့မရဲစခန်းသို့ ပို့ဆောင် ခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ပလက်ဝမြို့ရှိ အမှတ် (၂၈၉) ခလရတပ်ရင်းမှာ ခေါ်ယူ စစ်မေးမြန်းကာလွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း မိသားစုဝင်များပြောသည်။

အလားတူ စက်တင်ဘာလ ၉ ရက်နေ့ကလည်း ကျောက်တော်ဖက်သို့ ကုန်ပစ္စည်းအငှားသွားထမ်းသည့် အမျိုးသား၊ အမျိုးသမီး(၄၁)ဦးကို တပ်မတော်သားများမှ တပ်ရင်း(၂၈၉)သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တစ်ရက်ခန့်ကြာစစ်ဆေးခဲ့ပြီးနောက် စက်တင်ဘာလ(၁၁)ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကုန်းလမ်း၊ ရေလမ်းခရီးသွားလာမှုကိုပိတ်ပင်ထားသည့်အတွက် ဒေသခံများမှာ စားဝတ်နေရေး အခက်အခဲ များနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

ဗီဒီယိုများ