အကြမ်းဖက်မှုနှင့်တရားစွဲဆိုထားသည့် တောင်ကုတ်စည်ပင်ကော်မတီဥက္ကဋ္ဌပါ ၄ ဦးအမှု လိုပြသက်သေများကို စစ်ဆေး

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ်၊ စည်ပင် သာယာရေးကော်မတီဥက္ကဌနှင့် ရခိုင်အမျိုးသားပါတီ(ANP) မြို့နယ် ဒုတိယဥက္ကဋ္ဌ အပါအဝင် ၄ ဦးကို ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့က မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

By အောင်ထိန် 21 Jul 2020

အောင်ထိန် | DMG
ဇူလိုင် ၂၁ ၊ တောင်ကုတ်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် တရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ်၊ စည်ပင် သာယာရေးကော်မတီဥက္ကဌနှင့် ရခိုင်အမျိုးသားပါတီ(ANP) မြို့နယ် ဒုတိယဥက္ကဋ္ဌ အပါအဝင် ၄ ဦးကို ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့က မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

ယင်းသို့ရုံးထုတ်ရာတွင် တရားလိုဘက်မှသက်သေများဖြစ်သည့် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးနှင့် တောင်ကုတ်ရဲခစန်းမှ နယ်ထိန်းခေါင်းဆောင်တို့ကို စစ်ဆေးခဲ့ကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးတင်ညိုကပြောသည်။

ယနေ့စစ်ဆေးရာတွင် ၎င်းတို့မှ တရားစွဲခံထားရသူတို့အား AA အဖွဲ့နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဆောင်ရွက် ခဲ့ခြင်းမျိုး သတင်းများကိုမကြားမိဟု တရားရုံး၌ထွက်ဆိုခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေဦးတင်ညိုက DMG သို့ ပြောသည်။

ယင်းအမှုတွင် တရားလိုပြသက်သေ (၁၃)ဦးရှိပြီး ပြီးခဲ့သည့်ရုံးချိန်းတွင် နှစ်ဦးကိုစစ်ဆေးခဲ့ကာ စုစုပေါင်း လိုပြ သက်သေ ၄ ဦးစစ်ဆေးနိုင်ခဲ့ပြီး (၉)ဦးကျန်ရှိနေသေးကြောင်း ဦးတင်ညိုကဆိုသည်။

ထိုသို့တရားစွဲတင်ခံရသူများမှာ တောင်ကုတ်မြို့နယ် ANP မှ ဒု-ဥက္ကဋ္ဌ ဦးဝေသောင်း၊ စည်/ကော်ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် ၎င်း၏ညီဖြစ်သူ ဦးစည်သူကျော်ဇံ၊ စည်/ကော်ဥက္ကဋ္ဌ(ဟောင်း) ဦးစန်းငွေတို့ဖြစ်ကြသည်။ ၎င်းတို့ ၄ ဦးအမှုကို လာမည့် သြဂုတ်လ ၄ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)သည် အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဥပဒေတွင်ပြဋ္ဌာန်းထားသည်။

ဗီဒီယိုများ