ထောင်ဒဏ် ၂ နှစ်ကျော် ချမှတ်ခံထားရသည့် ရခိုင်ကျောင်းသားလေးဦးအမှု ပြစ်ဒဏ်လျော့ပေး၊ မပေးကို လာမည့် နှစ်ပတ်အတွင်း အမိန့်ချမည်

ထောင်ဒဏ် ၂ နှစ်ကျော် ချမှတ်ခံထားရသည့် ရခိုင်ကျောင်းသားလေးဦးအမှုကို ပြစ်ဒဏ်လျော့ပေး၊ မပေးကို လာမည့်နှစ်ပတ် အတွင်း ရခိုင်ပြည်နယ်တရားလွှတ်တော်မှ အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

07 Dec 2021

DMG ၊ ဒီဇင်ဘာ ၇

ထောင်ဒဏ် ၂ နှစ်ကျော် ချမှတ်ခံထားရသည့် ရခိုင်ကျောင်းသားလေးဦးအမှုကို ပြစ်ဒဏ်လျော့ပေး၊ မပေးကို လာမည့်နှစ်ပတ် အတွင်း ရခိုင်ပြည်နယ်တရားလွှတ်တော်မှ အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

ထောင်ဒဏ် ၂ နှစ်နှင့် ခြောက်လ အမိန့်ချမှတ်ခံထားရသည့် ရခိုင်ပြည်က ကျောင်းသားလေးဦးအမှု ပြင်ဆင်ချက်အယူခံအား ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြည်နယ်တရားလွှတ်တော်မှ အပြီးသတ်လျှောက်လဲချက်ကြားနာခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။

လာမည့်ရုံးချိန်းတွင် အမှုနှင့်ပတ်သတ်ပြီး အမိန့်ချမှတ်သွားမည်ဖြစ်သော်လည်း အမိန့်ချမည့်နေ့ကို အတိအကျ မသိရှိရသေးကြောင်း တရားလွှတ်တော်ရှေ့နေ ဦးလှအောင်သိန်းက ပြောသည်။

“ဒီနေ့က ကျောင်းသားအမှုနဲ့ပတ်သတ်လို့ အပြီးသတ်လျှောက်လဲချက်ပေးတယ်။ အမိန့်ဘယ်နေ့ချမယ်ဆိုတာတော့ မသိရသေးဘူး။ အမိန့်ချမှတ်မယ့်နေ့ကို တစ်ပတ်ကျော်နှစ်ပတ်လောက်မှာ စာရင်းကပ်မှာဖြစ်တယ်”

ယင်းအပြင် ယနေ့ရုံးချိန်းတွင် ဘေးစီမံဥပဒေပုဒ်မနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)တို့ကို တစ်ပေါင်းတည်းလုပ်ပေးရန်နှင့် ပြစ်ဒဏ်များကို လျော့ပေးရန် လျှောက်လဲချက်ပေးခဲ့ကြောင်း အမှုလိုက်ရှေ့နေထံမှ သိရသည်။

ထောင်ဒဏ်အမိန့်ချမှတ်ခံထားရသော ရခိုင်ပြည်က ကျောင်းသားလေးဦး၏အမှုကို အောက်တိုဘာလ ၄ ရက် နေ့က ရခိုင်ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ရောက်ခဲ့ပြီး နိုဝင်ဘာလ ၉ ရက်က ပထမအဆင့်လျှောက်လဲချက်ကို ပြည်နယ်တရားလွှတ်မှ လက်ခံခဲ့သည်။

အဆိုပါ ကျောင်းသားလေးဦးမှာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၀ ရက်က စစ်တွေမြို့တွင် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခြင်းကြောင့် ပုဒ်မနှစ်ခုဖြင့်တရားစွဲဆိုခံခဲ့ရပြီး စစ်တွေမြို့နယ်တရားရုံးက စစ်ဆေးပြီးနောက် ထောင်ဒဏ်အမိန့်ချမှတ်ခဲ့သည်။

ထိုသို့ ဖြစ်စဉ်တစ်ခုတည်းပေါ်တွင် အမှုနှစ်ခုဖြင့်တရားစွဲပြီး အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခြင်းမှာ ဥပဒေနှင့်မညီညွတ်ဟုဆိုကာ စက်တင်ဘာလ ၂၃ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးထံသို့ အယူခံတက်ခဲ့သည်။

စစ်တွေခရိုင်တရားရုံးမှ အမှုကို လက်ခံကြားနာခြင်းမရှိဘဲ ပလပ်လိုက်သဖြင့် ထပ်မံ၍ ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်ရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကြောင့် ကျောင်းသားလေးဦးဖြစ်သည့် ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)၊ ဘေးစီမံဥပဒေပုဒ်မတို့ဖြင့် တရားစွဲခံရပြီးနောက် ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှဦးဆောင်ပြီး စစ်တွေမြို့အတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ပွဲတွင် “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government ၊ Burmese Government Get Out ၊ Burmese Army Get Out” စသည့်အချက်များကို ကြွေးကြော်ခဲ့သည်။

ဗီဒီယိုများ